လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ

လိပ်သို  အောက်တိုဘာ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းကျင်းပသော စာဖတ်စွမ်းရည်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နေ့လယ် ၁၂ နာရီအချိန်က  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လိပ်သိုမြို့ရုံးမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကျောင်းစာအပြင် ပြင်ပဗဟုသုတပါ ရရှိ၍ ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊ စာပေကိုချစ်မြတ်နိုးတတ်စေရန်၊ စာဖတ်သည့်အလေ့အထများ၊ လူအများနှင့်ပြောဆိုရာတွင် ပြောရဲသည့်အလေ့အကျင့်များရှိစေရန်၊ စာကြည့် တိုက်နှင့် ပိုမိုရင်းနှီးလာစေရန် ရည်ရွယ်၍  စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာဖတ်စွမ်းရည်ပြိုင်ပွဲဆက်လက်ကျင်းပရာ ကျောင်းသား/ ကျောင်းသူ (၉) ဦး ဝင်ရောက်ယှဉ်ပြိုင်ကြပြီး တက်ရောက်လာသော ကျောင်းသား/ကျောင်းသူများအားလုံးကို လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက ဗလာစာအုပ်နှင့် ဘော့ ပင်လက်ဆောင်များ ပေးအပ်ပြီး အဟာရမုန့်များ ကျွေးခဲ့သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ကျောင်းသား/ကျောင်းသူများ၊ လူငယ်လူရွယ်များ၊ ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ ပြပွဲပြိုင်ပွဲများ၊ စာဖတ်ဝိုင်း များ ၊ ဆွေးနွေးပွဲများ ၊ အသိပညာပေး (Talk Show) များအား လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)