ကျုံပျော် အောက်တိုဘာ ၆
ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေး၊ ယာဉ်စည်းကမ်းလိုက်နာ၍ ဘေးအန္တရာယ် ကင်းဝေးရေးတို့အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့တွင် မော်တော်ယာဉ် မောင်းနှင်သူများအား ယာဉ်စည်းကမ်း လမ်းစည်းကမ်း စစ်ဆေးပညာပေးခြင်းကို မြို့အဝင် အင်းရဲလမ်းဆုံ၌ အောက်တိုဘာ ၅ ရက်က ဆောင်ရွက်ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများ ပူးပေါင်း၍ ယာဉ်အန္တရာယ် ကင်းဝေးစေရေးအတွက် မော်တော်ဆိုင်ကယ် စီးနင်းသူများတွင် ဆိုင်ကယ်စီး ဦးထုပ်ပါရှိရေး၊ မေးသိုင်းကြိုး တပ်ဆင်ရေး၊ ဘက်မှန်၊ နံပါတ်ပြားနှင့် မော်တော်ယာဉ်တွင်ပါရှိရမည့် အချက်အလက်များ ပြည့်စုံမှု ရှိ/ မရှိကို စစ်ဆေးပြီး၊ ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများကို မော်တော်ယာဉ် ဥပဒေပုဒ်မ (၈၇)ဖြင့် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
ထို့အပြင် မြို့ရွာများအတွင်း မလိုလားအပ်သော အဖျက်အမှောက် လုပ်ငန်းများ မဖြစ်ပေါ်ရေးအတွက် မော်တော်ကား၊ ဆိုင်ကယ်များ အတွင်း အန္တရာယ်ရှိသော လက်နက်ခဲယမ်းများ ပါရှိမှု ရှိ/မရှိနှင့် ယူဆောင်သွားလာမှု မပြုရေးတို့ကို စစ်ဆေးပြီး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask များတပ်ဆင်သွားလာရန် အသိပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)