ချောင်းဦးမြို့၌ အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask များ မဖြစ်မနေ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် Mask Campaignပြုလုပ်

ချောင်းဦး အောက်တိုဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့တွင် ယမန်နေ့နံနက် ၇ နာရီက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ပြည်သူတွေ အပြင်ထွက်လျှင် နှာခေါင်းစည်း Mask များ တပ်ဆင်သွားလာ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့် အညီ လိုက်နာဆောင်ရွက် သွားကြရန် လူထုလှုပ်ရှားမှု အသွင်ဖြင့် Mask Campaign အား လူစည်ကားရာ နေရာများဖြစ်သော မြို့မ စည်ပင်သာယာစျေးရှေ့တွင် ပြုလုပ်ခဲ့သည်။

ချောင်းဦးမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထူးကျော် ဦးဆောင်ပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သောင်းနှင့် ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ တပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများ၊ မြို့နယ်ပြန်ဆက် ဝန်ထမ်းများ စုစုပေါင်း အင်အား ၅၀ ခန့်အား အဖွဲ့နှစ်ဖွဲ့ခွဲ၍ ပညာပေး လုပ်ငန်းများ၊ နှာခေါင်းစည်း Mask အခမဲ့ ဖြန့်ဝေပေးပြီး ချက်ခြင်းဝေ၊ ချက်ခြင်း တပ်ဆင်စေသည့် နည်းလမ်းများ ဆောင်ရွက်ခဲ့သည်။

လမ်းသွားလမ်းလာ ခရီးသွား ပြည်သူများ၊ စျေးရောင်းစျေးဝယ် ပြည်သူများအား ကိုဗစ်၁၉ရောဂါ ကင်းဝေးစေရေး ကာကွယ်နိုင်သည့် နည်းလမ်းများဖြစ်သည့် အိမ်အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask မဖြစ်မနေတပ်ဆင်ရန်၊ လူစုလူဝေးများ ရှောင်ရှားရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား လာရောက်ထိုးနှံကြရန် စသည့် အသိပညာများပေးပြီး ပြည်သူများအား နှာခေါင်းစည်း Mask အခု(၂၀၀၀) အခမဲ့ဖြန့်ဝေပေး ခဲ့သည်။

ချောင်းဦးမြို့နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရေးအတွက် ပညာပေးလုပ်ငန်းများ ဆောင်ရွက်၍ နှာခေါင်းစည်း Mask များအား ပြည်သူများကို အခါအားလျော်စွာ အခမဲ့ ဖြန့်ဝေပေးလျက် ရှိကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းအား မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် နေ့စဥ်ဆောင်ရွက်လျက်ရှိပြီး အသက် ၁၈ နှစ် အထက် ပထမအကြိမ် ထိုးပြီးသူ ၆၀၈၈၆ ဦး၊ ဒုတိယအကြိမ် ထိုးပြီးသူ ၃၅၀၂၀ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးသူ ၂၇၃၄ ဦး၊ ကျောင်းအခြေပြု ပထမအကြိမ် ထိုးပြီးသူ ၁၅၆၇ ဦး၊ ဒုတိယအကြိမ် ထိုးပြီးသူ ၁၄၈၉ ဦး၊ ထပ်ဆောင်းကာကွယ်ဆေး ထိုးပြီးသူ ၂၅ဦး၊  ကျောင်းပြင်ပ ပထမအကြိမ် ထိုးပြီးသူ ၉၀၄ ဦး၊ ဒုတိအကြိမ် ထိုးပြီးသူ ၈၀၅ ဦး ရှိကြောင်း၊ ယခုအချိန်အထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ မတွေ့ရှိရသေးကြောင်း သိရှိရပါသည်။

ဝင်းမြင့်အောင်(ပြန်ဆက်)