ပုသိမ် စက်တင်ဘာ ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ မီးလင်းဂျိုင်ဒေသတွင် တည်ဆောက်မည့် 1390 မဂ္ဂါဝပ် Integrated LNG to Power လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ စီမံကိန်း၏ မြေဧရိယာအတွက် ဒေသခံတောင်သူများအား မြေယာလျော်ကြေးနှင့် သီးနှံနစ်နာကြေးများ ပေးအပ်ခြင်းကို စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ စုပေါင်းရုံးခန်းမတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြေယာလျော်ကြေးနှင့် သီးနှံလျော်ကြေး ပေးအပ်ပွဲသို့ လျှပ်စစ်၊ စွမ်းအင်၊ စက်မှုလက်မှုနှင့် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေး၊ ခရိုင်/မြို့နယ်/မြို့/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်နှင့် မြို့လယ်စီအင်း ဦးစီးမှူးများ၊ Superme Trading Co., Ltd မှ တာဝန်ရှိသူများ၊ မီးလင်းဂျိုင် ကော်မ တီဝင်များ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြပြီး တောင်သူ ၁၀ ဦးအား ငွေကျပ်သိန်း (၂၃၈၉. ၆၈) သိန်းကို ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ယခုပေးအပ်ပွဲကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် ကာကွယ် တားဆီးရေး ကော်မတီအဆင့်ဆင့်၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် လျော်ကြေးများပေးရန် ကျန်ရှိနေသည့် တောင်သူ ၃၀ ဦးကိုလည်း စက်တင်ဘာလ ၁၆ ရက်နေ့တွင် တောင်သူ ၁၅ ဦးအား ငွေကျပ်သိန်း (၁၂၄၀.၆၈) သိန်းနှင့် စက်တင်ဘာလ ၁၇ ရက်နေ့တွင် တောင်သူ ၁၅ ဦးကို ငွေကျပ်သိန်း (၁၈၈၂.၅၈) သိန်း ဆက်လက် ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
ယခုနစ်နာကြေး ပေးအပ်မှုတွင် လယ်မြေဧကနှင့် သီးနှံဧက စုစုပေါင်းမှာ ၈၁၈.၁၆ ဧကရှိကြောင်း ပုသိမ်မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မှ သိရသည်။
အဆိုပါ လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်း၏ တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၂၀ပြည့်နှစ်၊ နှစ်ကုန်ပိုင်း တွင် စတင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း သိရသည်။
မြင့်ဟန် (ပုသိမ်)