ရေနံချောင်း အောက်တိုဘာ ၆
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန မကွေးတိုင်းဒေသကြီး ရေနံချောင်းတက္ကသိုလ်၌ ၂၀၂၂ ခုနှစ် ယမန်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသက် ၇၀ နှစ်နှင့်အထက် ဆရာ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ် ပတ္တမြားခန်းမ၌ ကျင်းပသည်။
ဦးစွာ ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာချိုချိုမြင့်က ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ဆရာကန်တော့ပွဲ ကျင်းပရခြင်းမှာ ဆရာ ဆရာမများ၏ ဂုဏ်ကျေးဇူးကို မမေ့လျော့စေရန် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ရေနံချောင်းကောလိပ်အဆင့်မှ ရေနံချောင်းဒီဂရီကောလိပ်အဆင့်အထိ ကျောင်းအုပ်ကြီးများအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြသည့် အသက်(၇၀)နှစ်နှင့်အထက် ကန်တော့ခံ ဆရာကြီးဒေါက်တာကျော်ညွှန့်၊ ဆရာကြီးဦးစိုးလွင်၊ ဆရာကြီးဦးမြင့်သန်းဆွေ၊ ဆရာကြီးဦးထွန်းအောင်၊ ဆရာကြီးဒေါက်တာတင်အောင်၊ ဆရာမကြီးဒေါက်တာဒေါ်တင်တင်တို့ ခြောက်ဦးအား တစ်ဦးလျှင် ကန်တော့ငွေ ၄၅၀၀၀၀ ကျပ်နှင့် ကန်တော့ပစ္စည်းများကို ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာချိုချိုမြင့်နှင့် ဒုတိယပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာယဉ်ယဉ်အေးတို့က ပူဇော်ကန်တော့ကြသည်။
ယင်းနောက် ကန်တော့ခံ ဆရာကြီး ဒေါက်တာကျော်ညွှန့်နှင့် ဆရာမကြီးဒေါက်တာ ဒေါ်တင်တင်တို့က ဆုံးမဩဝါဒစကားနှင့် ဆုပေစကား ပြန်လည်ပြော ကြားခဲ့သည်။
အဆိုပါအခမ်းအနားတွင် ရေနံချောင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး) များ၊ နည်းပြ/သရုပ်ပြ ဆရာ ဆရာမများနှင့် တက္ကသိုလ်ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်