ပေါင်းတည်မြို့နယ်၌ (၁၃၈)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်းကြီးလောင်းလှူပွဲ ကျင်းပမည် 

ပေါင်းတည် အောက်တိုဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ (၁၃၈)ကြိမ်မြောက် မြို့လုံးကျွတ် ဝါကျွတ်ဆွမ်းကြီးလောင်းလှူပွဲကို အစဉ်အလာမပျက် သီတင်းကျွတ်လပြည့်ကျော် ၁ ရက်၊ နံနက်ပိုင်းမှစ၍ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း ပေါင်းတည်မြို့ သကျမုနိမိုဃ်းကောင်းဘုရားကြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရသည်။

အဆိုပါဆွမ်းကြီးလောင်းလှူပွဲကို ပေါင်းတည်ဗုဒ္ဓမြတ်စွယ်တော် မြို့တွင်းသို့ လှည့်လည်အပူဇော်ခံရာ လမ်းကြောင်းများပေါ်တွင် ပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ကျောင်းတိုက်အသီးသီးရှိ ဆရာတော်အရှင်သူမြတ်များက ဘုရားကြီးဝင်းအတွင်းမှ စီတန်းကာ စတင်ကြွချီလာမည်ဖြစ်ကြောင်း၊ ဆွမ်းဆန်နှင့်လှူဖွယ်ပစ္စည်းအစုစုတို့ကို လောင်းလှူ ပူဇော်မည့်အလှူရှင်များနှင့် လမ်းသွယ်များရှိ ဆွမ်းလောင်းအသင်းတို့က သံဃာတော်များ ကြွချီလာမည့် လမ်းတို့တွင် လောင်းလှူပူဇော်နိုင်ကြစေရန် ယနေ့နံနက်ပိုင်းက အသံချဲ့စက်ဖြင့် ကြိုတင်လိုက်လံနှိုးဆော်လျက်ကြောင်း သိရသည်။

သူရကြီး(ပြန်/ဆက်)