ပေါက်ခေါင်း အောက်တိုဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယမန်နေ့နံနက် ၁၀ နာရီအချိန်က စာပေချစ်မြတ်နိုးသူများအသင်း (Book Club)အဖွဲ့ဝင်များစုပေါင်း၍ စာရေးဆရာ မြင်းခြံကျော်အောင်(ခ)သန်းထက်စံရေးသားသော " ကြီးပွားအောင်မြင်အောင်ပန်းကိုဆင်" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပပြုလုပ်သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိဒေါ်ချစ်နှင်းသုန်က စာပေကိုချစ်မြတ်နိုးသူများအနေဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေမြတ်နိုးသူအချင်းချင်းရင်းနှီးမှုပိုမိုရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများဆောင်ရွက်ရခြင်းဖြစ်ကြောင်း ဦးစွာပြောကြားသည်။
ဆက်လက်၍စာပေချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင် ဒေါ်မူမူအေးက "ကြီးပွါးအောင်မြင်အောင်ပန်းကိုဆင်" စာအုပ်ပါအကြောင်းအရာမှ အတိုးတက်ဆုံးလူ ခေါင်းစဉ်ခွဲကို ဦးဆောင်ဆွေးနွေးပြီး တက်ရောက်လာသောအဖွဲ့ဝင်များကလည်း အစဉ်ရှင်သန်နေသောလူသားဖြစ်စေရန်၊ ငါကြီးပွါးမယ့်လူသား၊ ကိုယ်ခံအားကောင်းလျှင်နှင့် ဘယ်သူမှမွေးကတည်းက လူတော်ဖြစ်မလာစသည့်ခေါင်းစဉ်ခွဲများကို အသီးသီးအပြန်အလှန် ဆွေးနွေးကာစာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါစာဖတ်ဝိုင်းဆွေးနွေးပွဲကို မြို့နယ်ပြည်သူ့စာကြည့်တိုက်လူထုအခြေပြုဗဟိုဌာနတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေချစ်သူများအဖွဲ့တို့ ပူးပေါင်း၍တစ်လလျှင်တစ်ကြိမ် စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)