လိပ်သို အောက်တိုဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကမ္ဘာ့ဆရာများနေ့အထိမ်း အမှတ်အဖြစ် မြတ်ဆရာ ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာ အထက်တန်းကျောင်း သဇင်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်နော်ဂျိုဝါးနာက ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအခမ်းအနား ကျင်းပပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့ပြီး အပူဇော်ခံ ဆရာကြီး/ဆရာမကြီးများအား ပူဇော်ကန်တော့ခြင်း၊ ပူဇော်ပစ္စည်းများဖြင့် ကန်တော့ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက မြတ်ဆရာတေးသီချင်းဖြင့် ဂုဏ်ပြု သီဆိုခြင်းတို့ ပြုလုပ်ခဲ့ပြီး ကန်တော့ခံ ဆရာမကြီးများမှ ဆုပေးဩဝါဒစကား မြွတ်ကြားခဲ့သည်။
အဆိုပါ ပူဇော်ပွဲအခမ်းအနားသို့ အသက် (၇၀)နှစ်နှင့်အထက် သက်ကြီး ဆရာမကြီး (၄) ဦးအား ကန်တော့ခဲ့ကြပြီး အခမ်းအနားသို့ မတက်ရောက်နိုင်သည့် ဆရာကြီး/ဆရာမကြီးများအား အိမ်တိုင်ရာရောက် သွားရောက်ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။
ခင်လေးနွယ်(လိပ်သို)