တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ စွမ်းရည်ပြ တင်ဆက်ပွဲသို့တက်ရောက်

ထားဝယ် အောက်တိုဘာ ၆

နေပြည်တော်၌ ကျင်းပမည့် (၂၃) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှ အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များ၏ စွမ်းရည်ပြတင်ဆက်ပွဲကို  ယမန်နေ့နံနက်ပိုင်းက  ကွန်ပျူတာတက္ကသိုလ်ခန်းမ၌ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို တက်ရောက်ကြည်ရှုအားပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြိုင်ပွဲဝင်အဖွဲ့ခေါင်းဆောင် ပါမောက္ခဒေါက်တာဇော်ဝင်းက  ပြိုင်ပွဲဝင်များ ယှဉ်ပြိုင်မှု စည်းမျဉ်းစည်း ကမ်းများအားရှင်းလင်းတင်ပြပြီး ဒုတိယအဖွဲ့ခေါင်းဆောင် ဦးဇော်ထွန်းသောင်း က  စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် ဝန်ကြီးများက တိုင်းဒေသကြီးကိုယ်စားပြုပြိုင်ပွဲဝင်များ၏ မဟာဂီတ၊ ခေတ်ဟောင်း/ ကာလပေါ် တေးသီချင်း၊ မျိုးဂုဏ်/ဇာတိဂုဏ် မြှင့်တင်ရေးတေးသီချင်းများ၊ အကများ၊ တိုင်းရင်းသား ရိုးရာ/ ကျေးလက်ရိုးရာ အကအဖွဲ့၊ မွန်ရိုးရာအကအဖွဲ့ ကဗျာလွတ်အကအဖွဲ့၊ အိုးစည်အဖွဲ့၊  ဆိုင်း အဖွဲ့များ၏ စွမ်းရည်ပြသမှုကို ကြည်ရှုအားပေးသည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုက နေပြည်တော်သို့ သွားရောက် ယှဉ်ပြိုင်မည့် တိုင်းဒေသကြီးကိုယ်စားပြု ပြိုင်ပွဲဝင်များအဖွဲ့များအနေဖြင့် ယှဉ်ပြိုင်သည့် နေရာ တွင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသလောက်ကြိုးစား၍  ယှဉ်ပြိုင်စေလိုကြောင်း၊ ယှဉ်ပြိုင်နိုင်ရန် အတွက် ပြင်ဆင်ထားရှိမှုများ၊ လေ့ကျင့်ထားရှိမှုများကို တွေ့ရှိရသောကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ကျေးဇူးတင်ရှိကြောင်း၊ အဖွဲ့များအနေဖြင့် အရေးကြီးဆုံးက ကျန်းမာရေးကို အထူးဂရုစိုက်ကြရန် လိုအပ်ကြောင်းပြောကြားပြီး တာဝန်ရှိသူများထံ ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)