သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ်အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်

သရက်ချောင်း အောက်တိုဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉မျိုးကွဲသစ် အိုမီခရွန်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ်ဆက်လက်ဆောင် ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ(၂)နာရီခွဲအချိန်က မြို့မရပ်ကွက်ရှိ (အထက-သရက်ချောင်း) ကျောင်းရှေ့တွင် ကိုဗစ်-၁၉မျိုးကွဲသစ်မျိုးအိုမီခရွန် ရောဂါစောင့်ကြပ်ထိန်းချုပ်နိုင်ရေးနှင့် ဒေသခံပြည်သူများ နေအိမ်ပြင်ပသို့ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းများကို စနစ်တကျတပ်ဆင်သည့်အလေ့အကျင့်ကောင်းများ ဆက်လက်လိုက်နာ ကျင့်သုံးဆောင်ရွက်နိုင်ရန် ရည်ရွယ်၍  Mask Campaign လှုပ်ရှားမှုများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ Mask Campaign များဆောင်ရွက်ရာတွင် သရက်ချောင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ သန္ဓေတပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ် မိခင်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ပြည့်ပြည့်ဝန်းနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ်ကြက်‌‌ခြေနီတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ခရီးသွားလာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား (Mask) နှာခေါင်းစည်းများအခမဲ့ဖြန့်ဝေပေးခြင်း၊ ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်ရေးနည်းလမ်းများပါဝင်သည့် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းနှင့် အသိပညာပေးသတင်းစကားများ ပြောကြားပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နန်းခလိုက်(သရက်ချောင်း)