ဟင်္သာတ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဆောင်းသီးနှံ နေကြာတိုးချဲ့ စိုက်ပျိုးမည့် တောင်သူများနှင့် တွေ့ဆုံ၍ နေကြာမျိုးစေ့များ ဖြန့်ဖြူးရောင်းချခြင်းကို ယနေ့ နံနက် ၁၀ နာရီက ဟင်္သာတ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာ မြို့နယ်များမှ တောင်သူများနှင့် တွေ့ဆုံရောင်းချခဲ့သည်။
တွေ့ဆုံပွဲတွင် တက်ရောက်လာသော တောင်သူများအနေဖြင့် ဆီထွက်သီးနှံဖြစ်သော နေကြာအား တိုးချဲ့ စိုက်ပျိုးကြရန်၊ နိုင်ငံတော်၏ လိုအပ်ချက်ဖြစ်သည့်အတွက် စီမံကိန်းဝင်သီးနှံအဖြစ် သတ်မှတ်၍ စိုက်ပျိုးကြရန်၊ တောင်သူများ လိုအပ်ချက်ဖြစ်သော မျိုးမှန်ရရှိရေး၊ စိုက်ချိန်အမှီ မျိုးရရှိရေးတို့အတွက် သက်ဆိုင်ရာစိုက်ပျိုးရေး ဦးစီးဌာနများမှ ကူညီပံ့ပိုးခြင်း၊ နည်းပညာများ ဖြန့်ဝေခြင်းတို့ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းက ပြောကြားခဲ့ပြီး ခရိုင်စိုက်ပျိုးထုတ်လုပ်မူ တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ခရိုင်စိုက်ပျိုးရေးဦးစီးမှူး ဦးသော်ဇင်မောင်က ယခုအချိန်ထိ မျိုးစုဆောင်း ထားရှိမှုနှင့် ဟင်္သာတ၊ ဇလွန်၊ လေးမျက်နှာမြို့နယ်များသို့ ဖြန့်ဖြူးရောင်းချပေးနေမှု အခြေအနေနှင့် ထပ်မံ လိုအပ်ချက်၊ ဓာတ်မြေသြဇာ လိုအပ်ချက်တို့အားလည်းကောင်း၊ မျိုးကောင်းမျိုးသန့်များကို စိုက်ပျိုးနိုင်ရေးစီစဉ် ဆောင်ရွက်ထားမူများအား ရှင်းလင်းတင်ပြပြီး တက်ရောက်လာသော တောင်သူများမှ နေကြာစိုက်ပျိုးနိုင်ရန် အတွက် မြေသြဇာများ စျေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးရေး၊ လိုအပ်သောပံ့ပိုးကူညီမှုများ ရရှိရေးတို့ကို တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များခရိုင်နှင့် မြို့နယ်အဆင့် စိုက်ပျိုးထုတ်လုပ်မူ တိုးတက်မြင့်မားရေးနှင့် လုပ်ငန်းအကောင်အထည်ဖော် ဆောင်ရွက်ရေး ကြီးကြပ်မှု ကော်မတီဝင်များ၊ ဒေသခံတောင်သူများ စုစုပေါင်း(၂၅၀)ဦး တက်ရောက်ခဲ့ကြပြီး ယနေ့တွင် ဟင်္သာတခရိုင် အတွင်း မြို့နယ်များအတွက် ရတနာရေဆင်းစပ် မျိုးနေကြာ-၁ ကို တစ်အိပ်လျှင် ၂၃၀၀၀ နှုန်းဖြင့် စုစုပေါင်း စိုက်ဧက ၄၅၀ စာဖြန့်ဖြူး ရောင်းချ ပေးနိုင်ခဲ့ကြောင်း သိရသည်။
ကိုဇော်-ဟင်္သာတ