အိမ်မဲ အောက်တိုဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ဂယက်ကြီးကျေးရွာအုပ်စု၊ ဂယက်ကြီးကျေးရွာရှိ တောင်သူ ဦးလှိုင်ဝင်းရွှေ၏ လယ်မြေကွင်းအမှတ် (၁၉/ခ)၊ ဦးပိုင်အမှတ် (၄၃/၂) ဧရိယာ (၂.၁၃)ဧကတွင် မိုးစပါး (ဆင်းသုခမျိုး) စံကွက်ရိတ်သိမ်းခြင်း အခမ်းအနားကို ယနေ့ နံနက် ၈ နာရီ ၄၅ မိနစ်၌ပြုလုပ်ခဲ့ရာ အခမ်းအနား သို့ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် အဖွဲ့၊ မြောင်းမြခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးနှင့် အဖွဲ့၊ ခရိုင်စိုက်တိုးမြှင့်အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦးနှင့် အဖွဲ့၊ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့၊ ကွင်းဝန်ထမ်းများ၊ တောင်သူများ တက်ရောက်ခဲ့သည်။
ဆက်လက်ပြီး ကန်ကြီးထောင့်ကုန်းကျေးရွာ စိုက်ပျိုးရေးဦးစီးဌာန စပါးမျိုးစေ့ သန့်စင်စက်ရုံ၌ အိမ်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဓာတ်မြေသြဇာ ဖြန့်ဖြူးရေးကော်မတီတို့မှ မိုးစပါးစိုက်တောင်သူများသို့ နိုင်ငံတော်သတ်မှတ်စျေးနှုန်းဖြင့် ဓာတ်မြေသြဇာပေးအပ်ပွဲကို နံနက် ၁၀ နာရီ ၄၀ မိနစ်တွင်ကျင်းပရာ ဧရာဝတီတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးစိန်မောင်မြင့်နှင့် မြောင်းမြခရိုင်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးစန်းဌေးတို့မှ အဖွင့်အမှာစကားများ ပြောကြားပြီး တောင်သူများအား ဓာတ်မြေသြဇာများ ထောက်ပံ့ပေးခဲ့သည်။
ယင်းနောက် မြောင်းမြခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌသည် အိမ်မဲမြို့နယ် အနော်ရထာလမ်း ကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ချစ်သက်လယ်(အိမ်မဲ)