တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနား တက်ရောက်

ပုသိမ် အောက်တိုဘာ ၅

၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများနှင့် ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းဆရာ၊ ဆရာမများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ဆရာ့ဂုဏ်ပြုတေး မြတ်ဆရာသီချင်း သီဆိုဖျော်ဖြေဂုဏ်ပြုပြီး ဆရာများ၏ ဂုဏ်ရည်ကိုဖော်ညွှန်းသည့် ပိုက်စုံရတုဖြင့် ဆရာတစ်ဦးမှ သီဆိုဂုဏ်ပြုခဲ့သည်။

ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖတ်ကြားခဲ့ပြီး ဂုဏ်ပြုအမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးပညာရေးမှူးက ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ လက်အောက်ခံအဖွဲ့ (၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ပေးပို့သော ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် သဝဏ်လွှာကို ဖတ်ကြားခဲ့ကာ အသက် (၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာကြီး၊ ဆရာကြီးများအား ဂါရဝပြုလက်ဆောင်များဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ဆရာကြီးတစ်ဦးမှ ကျေးဇူးတင်ဝမ်းမြောက်စကား ပြန်လည်ပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် တိုင်းဒေသကြီးအဆင့် အခြေခံပညာအထက်တန်းနှင့် အလယ်တန်းစာစီစာကုံးနှင့် ကဗျာပြိုင်ပွဲတွင် ဆုရရှိကြသည့် ကျောင်းသား ကျောင်းသူများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီးတို့က ဂုဏ်ပြုဆုများအသီးသီး ပေးအပ်ချီးမြှင့် ခဲ့ကြပြီးနောက် စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြကာ ၂၀၂၂ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် ပြခန်းများကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ယုဇနဆောင်ခန်းမတွင် ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စားမေးပွဲ အောင်ချက်မြင့်မားစေရေး ဆရာ၊ ဆရာမများ၊ ပညာရေးမှူးများ၊ အုပ်ချုပ်ရေးအဖွဲ့များ ဝိုင်းဝန်းဆောင်ရွက်ကြရမှာ ဖြစ်ပါကြောင်း၊ ယခုနှစ်သည် စနစ်ဟောင်း နောက်ဆုံးနှစ်ဖြစ်၍ စာမေးပွဲဖြေဆို အောင်မြင်နိုင်စေရေး မိဘများက သားသမီးများ၏ ရှေ့ရေးအတွက် အခွင့်အရေး ပေးစေလိုပါကြောင်း၊ ပြင်ပဖြေဆိုသူများကိုလည်း အောင်မြင်စွာ ဖြေဆိုနိုင်ရေး လိုအပ်သည်များ တင်ပြပေးရန် ပြောကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ပညာရေးမှူးနှင့် ခရိုင်၊ မြို့နယ်ပညာရေးမှူးများမှ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့် လျှောက်ထားမှု၊ ပြင်ပကျောင်းသား ကျောင်းသူများအတွက် စာသင်ကြားပို့ချနိုင်ရေး စီစဉ်ဆောင်ရွက်မှု အခြေအနေများ ရှင်းလင်းတင်ပြချက်များအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)