မော်လမြိုင်ကျွန်းမြို့နယ်တွင် ကမ္ဘာ့ဆရာများနေ့(World Teacher’s Day)နှင့် ဆရာ/ ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အခမ်းအနားနှင့် အသက်(၇၀)နှစ်အထက် ဆရာ/ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က မော်လမြိုင်ကျွန်းမြို့၊ အခြေခံပညာမူလတန်းကျောင်း (မင်းကျောင်း)ခန်းမ၌ ကျင်းပဆောင်ရွက်သည်။

အဆိုပါ ကမ္ဘာ့ဆရာများနေ့(Word Teachers’ Day)တွင် နှလုံးသားကို အလှဆင်ပါ သီချင်းဖြင့် သီဆိုဖျော်ဖြေကာ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟ‌ဇော်က အဖွင့်အမှာစကား ပြောကြားပြီး၊ မြို့နယ်ပညာရေးမှူးကိုယ်စား ဒုတိယမြို့နယ် ပညာရေးမှူးက ကမ္ဘာ့ဆရာများနေ့ ဖြစ်ပေါ်လာပုံနှင့် သက်ကြီးဆရာကြီး၊ ဆရာမကြီးများအား ပူဇော်ကန်တော့ရာ၌ ထည့်သွင်းစဉ်းစားပေးရသည့် အချက်များကို ရှင်းလင်းဆွေး‌နွေးသည်။

ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာများ၌ ဆုရရှိကြသော အထက်တန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ကာ အခမ်းအနားကို အနန္တငါးဖြာမြတ်ဆရာ သီချင်းဖြင့် ရုပ်သိမ်းသည်။

ထို့နောက် ဖိတ်ကြားထားသော အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစားဆရာ၊ ဆရာမကြီး (၈၀ )ဦးအား ပူဇော်ကန်တော့ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

 ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ(၅)ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ ဆောင်ပုဒ်မှာ “ပညာရေးပြုပြင်ပြောင်းလဲမှု ဆရာများနှင့်အစပြု” ဖြစ်ပြီး ကမ္ဘာ့ဆရာများနေ့ကို ၁၉‌၉၄ ခုနှစ်၊ အောက်တိုဘာ (၅)ရက်နေ့မှစတင်ကျင်းပခဲ့သည့်မှာ ယနေ့ အောက်တိုဘာ(၅)ရက်နေ့၌ (၂၈) ကြိမ်မြောက် ရှိပြီဖြစ်ကြောင်း ပညာရေးဌာန ဆရာတစ်ဦးထံမှ သိရသည်။

အောင်အောင်(ပြန်/ဆက်)