ရွှေသောင်ယံ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ အမှတ်(၁)ရပ်ကွက်၊ ဝိဝေကာရာမ ဘုန်းတော်ကြီးကျောင်းတိုက်တွင် လာမည့်သီတင်းကျွတ်လပြည့်နေ့၌ ပဝါရဏာအလှူ ကျင်းပဆောင်ရွက်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် (၁၀)နာရီက ရွှေသောင်ယံမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမဆောင်တွင် ကျင်းပဆောင်ရွက်သည်။
အဆိုပါ ပဝါရဏာအလှူ ကျင်းပဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ရှိ ဌာနဆိုင်ရာများမှ စုပေါင်း၍ ရပ်ကွက်ပြည်သူများနှင့်အတူ ပင့်ဆောင်ထားသော သံဃာတော်များအား၊ နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်း၊ သိမ်ဆင်းလောင်းလှူခြင်းဖြင့် စုပေါင်းဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သို့ရာတွင် ဝန်ထမ်းများမှ ဆွမ်းကပ်လှူမည့် အစီအစဉ်များ၊ သိမ်ဆင်းလောင်းလှူမည့် အစီအစဉ်များ၊ ကထိန်အလှူအတွက် စုပေါင်းပဒေသာပင် ကပ်လှူရေး အစီအစဉ်များ စသည်ဖြင့် ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ကထိန်ပဒေသာပင် ကပ်လှူရေး အစီအစဉ်တွင် ရွှေသောင်ယံမြို့နှင့် ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်း (၁၅)ကျောင်းအား မဲနှိုက်၍ မဲပေါက်သည့်ကျောင်းအား ကထိန်ပဒေသာပင် သွားရောက်ကပ်လှူ ကြမည်ဖြစ်ကြောင်း သိရသည်။
ရွှေသောင်ယံ(ပြန်/ဆက်)