မြင်းမူ စက်တင်ဘာ ၁၇
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်အတွင်းရှိ ကွမ်းစိုက်တောင်သူများသည် ယခုကာလအတွင်း ကွမ်းရွက်ဈေးများ ကျဆင်းနေခြင်းကြောင့် ကွမ်းရွက်စိုက်ပျိုး လုပ်ကိုင်လျက်ရှိသည့် ကွမ်းခြံ ပိုင်ရှင်များ ဝင်ငွေကျဆင်းလျက်ရှိကြောင်း သိရှိရသည်။
ယခုနှစ် နှစ်ဦးပိုင်းမှစ၍ ယခုဇူလိုင်လအထိ ကွမ်းရွက်ဈေးပုံမှန်ရှိခဲ့ရာမှ ပြီးခဲ့သည့်ဩဂုတ်လမှစ၍ ကွမ်းရွက်ဈေးမှာ၊ တစ်ဖြေးဖြေး ကျဆင်းလာရာ ယနေ့ရက်များတွင် (ဒိုင်သွင်းဈေး) တစ်ပိသာ လျှင်ငွေ ကျပ်(၇၀၀)သာ ရှိကြောင်း၊ ကွမ်းခြံလုပ်ငန်းမှာ ရင်းနှီး ရသည့် ငွေကြေးများပြား ကြောင်း၊ ခြံရင်းနှီးရခြင်း၊ အလုပ်သမားများအတွက် လုပ်အား ခပေးရခြင်းနှင့် ဆေးဝါး သုံးစွဲရခြင်း တို့ရှိကြောင်း၊ မိမိခြံအတွင်း စိုက်ပျိုးထားသည့် ကွမ်းခြံမှာပင် (၁၅) ရက် တစ်ကြိမ် ခူးယူရပြီး ပိဿာ (၃၀) ခန့် ရရှိကြောင်း၊ တစ်လဝင်ငွေ (၄၀၀၀၀) ကျပ်သာရရှိ၍ အပိုငွေ အကျိုးအမြတ် အလွန်နည်းပါး လျက်ရှိကြောင်း၊ မြင်းမူမြို့၊ အသောကရပ် ကွက်မှ ကွမ်းခြံစိုက်ပျိုး လုပ်ကိုင်နေသူ ဦးကျော်မျိုးအောင်ထံမှ သိရှိရသည်။
မြင်းမူမြို့နယ်အတွင်း ကွမ်းရွက်စိုက်ပျိုးလုပ်ကိုင်နေသည့် ကွမ်းခြံ (ခြံကြီး၊ခြံသေး) ပေါင်း(၂၀၀၀)ခန့်ရှိကြောင်း၊ ကွမ်းရွက်ဈေး ဆက်လက်ကျဆင်းလာမည်ကို ကွမ်းခြံစိုက်ပျိုး လုပ်ကိုင် နေသူ တို့ စိုးရိမ်လျက်ရှိကြောင်း သိရှိရသည်။
အောင်စိုးဖေ(မြင်းမူ)