ဆရာများ၏ဂုဏ်ကျေးဇူးကို အောက်မေ့အမှတ်ရစေရန်နှင့် တန်ဖိုးထားတတ်စေရန် အသိပညာပေးဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  ဆရာများ၏ဂုဏ်ကျေးဇူးကို အောက်မေ့အမှတ်ရစေရန်နှင့် တန်ဖိုးထားတတ်စေရန် ရည်ရွယ်၍“ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်” ခေါင်းစဉ်ဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယနေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Showတွင်  ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စိုးစိုးအေးက  Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘားအံခရိုင် Book Club အဖွဲ့ဝင် အငြိမ်းစားကျောင်းဆရာတစ်ဦးဖြစ်သည့် ဆရာဦးငွေသန်းက ကမ္ဘာ့ဆရာများနေ့ကို မြန်မာနိုင်ငံတွင် စတင်သတ်မှတ်ခဲ့ပုံ၊ ကမ္ဘာ့ဆရာများနေ့တွင် ဆရာများ၏ ဂုဏ်ကျေးဇူးကို  ဖော်ကျူးသည့် ပြိုင်ပွဲများကို ပညာရေးဌာနမှ ကျင်းပဆောင်ရွက်ခြင်း၊ ပညာတန်ဆောင်မှဦးစီး၍ ထူးချွန်ဆရာ၊ ဆရာမများကို ဆုချီးမြှင့်ခြင်း၊ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများ၏ ဂုဏ်ကိုလေးစားတန်ဖိုးထားသောအားဖြင့် မြတ်ဆရာ ပူဇော်ပွဲများကျင်းပခြင်း၊ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဆရာများနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “The transforma tion of education begins with teachers”  “ပညာရေးပြုပြင်ပြောင်းလဲမှုဆရာများနှင့် အစပြု”ဆောင်ပုဒ်နှင့် ပတ်သက်သည့် ဆရာများ၏ အခန်းကဏ္ဍအကြောင်း၊ ဆရာ့ဝတ္တရားငါးပါး စသည့်အကြောင်းများကို အသိပညာပေး မျှဝေဆွေးနွေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘားအံခရိုင်အနေဖြင့် အသိပညာပေးဆွေးနွေးပွဲ Talk Show များကို Online မှတစ်ဆင့် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် ရိုက်ကူးတင် ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)