ရွှေဘို အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်၊ရွှေဘိုတက္ကသိုလ် ဘာသာရပ် ဌာနအသီးသီးမှ အငြိမ်းစားယူခဲ့ကြသော ဆရာကြီး၊ ဆရာမကြီးများအား မြတ်ဆရာ ပူဇော်ကန်တော့ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က ရွှေဘိုတက္ကသိုလ်ရှိ ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုးနှင့် ဒုတိယ ပါမောက္ခချုပ် ဒေါက်တာတင်တင်ရီ၊ ပါမောက္ခ(ဌာနမှူး)များ၊မော်ကွန်းထိန်း၊ ကထိက၊ နည်းပြ ဆရာဆရာမများ ကိုယ်စား ဆရာကြီးတစ်ဦးမှ ကန်တော့ချိုးတိုင်ပေး၍ ကန့်တော့ခံဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြသည်။
ဆက်လက်ပြီး ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိုး၊ ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်တင်ရီနှင့် ဆရာဆရာမများမှ ကန်တော့ခံ ဆရာကြီး ဆရာမကြီးများအား ကန်တော့ခံ ပစ္စည်းလက်ဆောင်များ ပေးအပ်ကာ လက်အုပ်ချီမိုး ကန်တော့ခဲ့ကြသည်။
ထို့နောက် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီးများက ဆုပေးဩဝါဒစကား ပြောကြားပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် ရွှေဘိုတက္ကသိုလ် ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဆောင်းပါးပြိုင်ပွဲတွင် ပထမဆုရသင်္ချာဌာနမှ နည်းပြဒေါ်ဇင်ဇင်ထက်၊ ဒုတိယ ဆုရသင်္ချာဌာနမှ နည်းပြ ဒေါ်နှင်းနှင်းအောင်နှင့် တတိယဆုရ သင်္ချာဌာနမှ နည်းပြ ဒေါ်မီမီထွန်း တို့အား ပါမောက္ခချုပ် ဆရာမကြီး ဒေါက်တာမျိုးမျိူး၊ ဒုတိယပါမောက္ခချုပ်ဒေါက်တာတင်တင်ရီတို့က ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာ ပူဇော်ကန်တော့ပွဲသို့ ရွှေဘိုတက္ကသိုလ်မှ အသက် ၆၀ ပြည့် အငြိမ်းစား ပင်စင်ယူခဲ့ကြပြီး အသက် ၇၀ နှစ်နှင့် အထက် ဆရာကြီး ဆရာမကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခ(ဌာနမှူး)များ၊ ကထိက၊ နည်းပြ၊ သရုပ်ပြများ၊မော်ကွန်းထိန်းနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်