ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအသိပညာပေး (Mask Campaign)ဆောင်ရွက်

ကဝ အောက်တိုဘာ ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့သည် ယနေ့နံနက် ၇ နာရီက ပဲခူး-ကဝလမ်းမကြီးနှင့် လူစည်ကားရာ လမ်းဆုံတို့တွင် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးလှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးဆောင်သောပူးပေါင်းအဖွဲ့သည် ပဲခူး-ကဝ လမ်းမကြီးနှင့် လူစည်ကားရာလမ်းဆုံတို့တွင် မြို့နယ်နေပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်စည်း(Mask)များ စနစ်တကျတပ်ဆင်သွားလာရေးအတွက် အသိပညာပေးပြောကြားခဲ့ပြီး နှာခေါင်းစည်း(Mask)များ အခမဲ့ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ရန်အတွက် လူစည်ကားရာနေရာများတွင် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)