ကျွန်းစု အောက်တိုဘာ ၅
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စန်းဝင်းက မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ စတုတ္ထ (၅) နှစ် စီမံကိန်း၏ ပထမနှစ်ဖြစ်သည့် ၂၀၂၂ ခုနှစ်၊ လုပ်ငန်းစီမံချက်ပါ လုပ်ငန်းစဉ်များအား ကျန်ရှိသည့် (၃) လပတ်ကာလအတွင်း ရာနှုန်းပြည့်ပြီးစီးနိုင်ရေး အကောင်အထည်ဖော် ဆောင်ရွက်ရေး၊ အဖွဲ့ဝင်များအနေဖြင့် ပြည်သူများအား လူကုန်ကူးမှုဖြစ်စဉ်များနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဆန်းထွန်းက နိုင်ငံအတွင်း ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုများအကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။
ထိုနောက် လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့တွင် ပါဝင်သောအဖွဲ့ဝင်များက လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းနှင့် အသိပညာပေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များကို ဆွေးနွေးတင်ပြရာ အဖွဲ့ဥက္ကဋ္ဌက လုပ်ငန်းလိုအပ်ချက်များကို ဖြည့်စွက်ဆွေးနွေးခဲ့ကြောင်း သိရသည်။
စည်သူရအောင်(ကျွန်းစု)