ပေါက် အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့ နံနက်ပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး ပေါက်မြို့၏မြောက်ဘက်တွင် စီးဆင်းလျက်ရှိသော ပေါက်ချောင်းရေနှင့်မြို့လည်မှ ဖြတ်သန်းစီးဆင်းသော ဆင်ဆာချောင်းနှင့် ကျားသိုက်ချောင်းရေတို့ မြင့်တက်မှုကြောင့် ပျက်စီးဆုံးရှုံးခဲ့သည့် အိမ်ထောင်စုများသို့ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေနှင့်ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်သည်။
အဆိုပါ သဘာဝဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် အိမ်ထောင်စုများသို့ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် မြို့ပေါ်အောင်တံခွန်ရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်နှင့် ၊အောင်တော်မူရပ်ကွက်တို့မှ ရေမျောပျက်စီးအိမ်ထောင်စု(၅)စုအတွက် တစ်အိမ်ထောင်လျှင် အိမ်ဆောက်ပစ္စည်းကျပ်(၁) သိန်းနှုန်းဖြင့် စုစုပေါင်းကျပ်(၅၀၀၀၀၀/-)၊ ရေဘေးသင့်ပြည်သူ ၁၉ဦးအတွက် ဆန်ရိက္ခာဖိုး တစ်ဦးလျှင် ကျပ် ၂၁၀၀/-နှုန်းဖြင့် ကျပ်၃၉၉၀၀/-၊ စုစုပေါင်းထောက်ပံ့ငွေကျပ် (၅၃၉၉၀၀/-) နှင့်အိမ်ထောင်စု(၅)စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး (တန်ဖိုးကျပ်၂၄၁၂၈၀/-)တို့ကို၊ မြို့နယ်အုပ်ချုပ်ရေးမှူးဦးမျိုးနေဇော်၊ မြို့နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်နုနုဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုရွှေယော(အညာမြေ)