ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ရန် သနပ်ပင်မြို့နယ်ရှိ စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင် များ ပါဆယ် (Takeaway) စနစ်ဖြင့်သာရောင်းချ

သနပ်ပင် စက်တင်ဘာ ၁၇


ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးနှင့် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ဆိုင်ထိုင် ရောင်းချခြင်း မပြုဘဲ ပါဆယ်(Takeaway) ရောင်းချခြင်းစနစ်ကို စက်တင်ဘာလ ၁၅ ရက်နေ့မှစ၍ ရောင်းချပေးရန် အသိပေးထားကြောင်း မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။
မြို့နယ်အတွင်း  ရောင်းချလျက်ရှိသော စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်၊ လမ်းဘေးဆိုင် များအား စက်တင်ဘာလ (၁၅) ရက်နေ့မှစ၍ အောက်တိုဘာလ (၁) ရက်နေ့အထိ နံနက်(၆)နာရီမှ ည(၈)နာရီအထိ ဆိုင်ထိုင်စားသုံးခွင့်မပြုတော့ကြောင်း၊ ဆိုင်ဝင်ပေါက်တွင် အတားအဆီးများ ထားရှိပြီး ဝယ်သူများအား  ပါဆယ် (Takeaway) စနစ်ဖြင့် ရောင်းချပေးသွားရန်၊ ရောင်းချရာတွင်  Mask ကိုစနစ်တကျတပ်ဆင်ထားရန်၊ လက်အိတ်များ ဝတ်ဆင်ထားပြီးမှ ပြည်သူများအား ရောင်းချပေးရန် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ  အဆိုပါ ဆိုင်များအား အကြောင်းကြားစာ ထုတ်ပြန်၍ သတိပေး နှိုးဆော်ခဲ့ကြောင်း၊ ထုတ်ပြန်ချက်နှင့် ညွှန်ကြားချက်များအား လိုက်နာမှုမရှိသော ဆိုင်ပိုင်ရှင်များအား တည်ဆဲဥပဒေနှင့် အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
လှမိုး(သနပ်ပင်)