စလင်း အောက်တိုဘာ ၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့၊ မြင်တင်ရပ်ကွက် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် စလင်းမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် ကမ္ဘာ့ဆရာများနေ့ မြတ်ဆရာပူဇော်ပွဲနှင့် တိုင်းအဆင့် ကမ္ဘာ့ဆရာများနေ့ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရသည်။
ကမ္ဘာ့ဆရာများနေ့ မြတ်ဆရာပူဇော်ပွဲ အခမ်းအနားတွင် ရှေးဦးစွာ စလင်းမြို့နယ် ပညာရေးမှူး ဦးသိန်းဌေးက ဦးဆောင်ကြီးကြပ်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများက သြကာသ ကန်တော့ချိုးဖြင့် ပူဇော်ကန်တော့ခဲ့ကြပြီး ကန်တော့ခံ ကြွရောက်လာသည့် ဆရာကြီး၊ ဆရာမကြီးများအား မြို့နယ်ပညာရေးမှူး ဦးသိန်းဌေး၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးဇော်ဝင်းခိုင်၊ ဒုတိယ မြို့နယ်ပညာရေးမှူး ဦးရာဇာထက်၊ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြင့်သန်းတို့မှ အငြိမ်းစားဆရာ၊ ဆရာမကြီးတစ်ဦးလျှင် ကန်တော့ငွေကျပ် (၅၀၀၀၀)နှုန်းဖြင့် အငြိမ်းစားဆရာကြီး ဦးအောင်ရွှေ၊ ဆရာမကြီး ဒေါ်ခင်အေးမြင့်၊ ဆရာမကြီး ဒေါ်အမာ၊ ဆရာမကြီး ဒေါ်တင်ရီ၊ ဆရာမကြီး ဒေါ်သန်းမြတို့အား တို့အား ကန်တော့ခဲ့ပြီးနောက် ဆရာဆရာမကြီးများ ကိုယ်စား ဆရာကြီး ဦးအောင်ရွှေမှ ဆုံးမသြဝါဒ စကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ကမ္ဘာ့ဆရာများနေ့ ခေါင်းစဉ် စလင်းမြို့နယ် ကိုယ်စားပြု တိုင်းအဆင့် ထူးချွန်ဆု ရရှိသူများကို ဆုချီးမြှင့်ခဲ့ရာ တိုင်းအဆင့် ပထမဆုရှင် အထက(၁)စလင်းမှ အထက်တန်းပြ ဆရာ ဦးသန်းမြတ်စိုး၊ တိုင်းအဆင့်တတိယဆုရှင် အထက(၁)စလင်း GRADE(11) အဘ ဦးသန်းထွန်း၏ သမီး မအိအိထွေး၊ တိုင်းအဆင့် တတိယဆုရှင် အထက သရက်ချဉ်ကျောင်းမှ GRADE (10) အဘဦးထွန်းနွယ်စိုး၏ သမီး မရွှန်းလဲ့လဲ့ထွန်းတို့အား စလင်းမြို့နယ်ပညာရေးမှူး ဦးသိန်းဌေးနှင့် တာဝန်ရှိသူများက ဆုများပေးအပ်ခဲ့ကြောင်း သိရှိရသည်။
မောင်လွင်(စလင်း)