ပခုက္ကူတက္ကသိုလ်၌ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကျင်းပ

ပခုက္ကူ  အောက်တိုဘာလ ၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲကို အောက်တိုဘာလ ၅ ရက် နံနက် ၉ နာရီ ၃၀ မိနစ်အချိန်က အဆိုပါတက္ကသိုလ်ရှိ ကျွန်းရွှေဝါခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က မြတ်ဆရာပူဇော်ပွဲ ကျင်းပရသည့် ရည်ရွယ်ချက်များနှင့် ကမ္ဘာ့ဆရာများနေ့ အကြောင်း ရှင်းလင်းပြောကြားပြီး ပခုက္ကူတက္ကသိုလ်၊ အင်္ဂလိပ်စာဘာသာဌာနမှ ပထမနှစ်ကျောင်းသူ မအေးသန့်အောင်က မြတ်ဆရာသီချင်းဖြင့် ပူဇော်ဧည့်ခံသည်။

ဆက်လက်၍ ပခုက္ကူတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသော ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများအား  ခေတ္တပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များနှင့် ဆရာ၊ ဆရာမများက ဩကာသ ကန်တော့ချိုးဖြင့် ဂါရဝပြု ပူဇော်ကန်တော့ခြင်း၊ ကန်တော့လက်ဆောင်ပစ္စည်းများ ပေးအပ်ဂုဏ်ပြုခြင်းများ ဆောင်ရွက်ကြရာ ကန်တော့ခံဆရာကြီး၊ ဆရာမကြီးများကိုယ်စား ပါမောက္ခချုပ်(ငြိမ်း) ဆရာကြီး ဦးစိုးမြင့်က ဩဝါဒစကား ပြန်လည်ပြောကြား ခဲ့ကြောင်း သိရသည်။

“မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ မွန်မြတ်လှသည့် ဆရာကြီး၊ ဆရာမကြီးများ၏ ဂုဏ်ကျေးဇူးများကို မျိုးဆက်သစ် လူငယ်ဆရာ၊ ဆရာမများအနေဖြင့် ကြည်နူးဝမ်းမြောက်စွာ ဂုဏ်ပြုတတ်စေရန်၊ ကြည်ညို လေးစားအပ်သည့် ဆရာ့ဘဝ၊ ဆရာ့သိက္ခာ၊ ဆရာအပေါင်းတို့၏ ဂုဏ်ထူး ဝိသေသ လက္ခဏာများကို အတုယူ လေးစားအားကျတတ်စေရန်နှင့် မျိုးဆက်သစ် လူငယ်များအတွက် စံပြုအတုယူထိုက်သည့် ဆရာ၊ ဆရာမအဖြစ် လိုက်နာပြုမူ နေထိုင်တတ်ကြစေရန်၊ ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရေးအတွက် အနန္တဂိုဏ်းဝင်ဆရာ၊ ဆရာများအနေဖြင့် စေတနာ၊ ဝါသနာ၊ အနစ်နာတို့ကို အရင်းခံပြီး မိမိတတ်မြောက် ကျွမ်းကျင်သည့် အသိပညာ၊ အတတ်ပညာရပ်များကို ပြန်လည်မျှဝေကြစေရန် စသည့် ရည်ရွယ်ချက်များဖြင့် မြတ်ဆရာပူဇော်ပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုနှစ်မြတ်ဆရာ ပူဇော်ပွဲတွင် ကန်တော့ခံ ဆရာကြီး၊ ဆရာမကြီး (၂၄)ဦးရှိပြီး ပူဇော်ပွဲ မတက်ရောက်နိုင်သည့် အဝေးရောက် ဆရာကြီး၊ ဆရာမကြီးများကို ကန့်တော့လက် ဆောင်ပစ္စည်းများ ပေးပို့ပူဇော်ကြမည်” ဖြစ်ကြောင်း ပခုက္ကူတက္ကသိုလ်၊ ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပြသည်။

ဘာမီသာ(ပခုက္ကူ)