ဘားအံ၌ သံဃာတော်၊ သီလရှင် ၂၅၁၉ ပါးအား ဆွမ်းဆန်စိမ်းလောင်းလှူ

ဘားအံ အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ဘားအံမြို့ပေါ်ရှိ ကျောင်းတိုက်အသီးသီးတွင် စာသင်၊ စာချ သီတင်းသုံးနေထိုင် တော်မူသော ဆရာတော်၊ သံဃာတော်၊  သာမဏေနှင့် သီလရှင်များ ဆွမ်းကိစ္စခက်ခဲပင်ပန်းမှု မရှိစေရေးနှင့် ပစ္စည်းလေးပါး အဆင်ပြေစေရေး၊ ထေရဝါဒဗုဒ္ဓသာသနာတော်ကို အထောက်အပံ့ ဖြစ်စေရေးအတွက် ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၌ မြို့လုံးကျွတ်ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို နှစ်စဉ်ကျင်းပလာခဲ့သည်မှာ ယခုအခါ(၇၃)ကြိမ်မြောက်သို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော်၏ (၇၃) ကြိမ်မြောက်မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကို သီတင်းကျွတ်လဆန်း ၉ ရက်နေ့မှ ၁၁ ရက်နေ့ထိ သုံးရက်တိုင်တိုင်ကျင်းပခဲ့ရာ ယနေ့နံနက် ၇ နာရီခန့်က ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ဇနီးဒေါ် နန်းဘေဘီမြင့်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဗုဒ္ဓဘာသာနွယ်ဝင် စေတနာရှင်ပြည်သူများက ဘားအံမြို့၊ အမှတ်(၂)ရပ်ကွက်၊ စေတီတော်တည်နေရာမှ စတင်၍ မြို့ပေါ်ရှိဘုန်းတော်ကြီးကျောင်း (၅၀) ကျောင်းနှင့် သီလရှင်ကျောင်း(၁၁)ကျောင်းတို့မှ ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင် (၂၅၁၉) ပါးတို့အား စုစုပေါင်းငွေကျပ် ၂၆,၇၅၈,၇၀၀/-  တန်ဖိုးရှိ ဆွမ်းဆန်တော်၊ ခေါက်ဆွဲခြောက်၊ တိုင်းရင်းဆေးအမျိုးမျိုးနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်း လောင်းလှူပူဇော်ခဲ့ကြသည်။

ရွှေယဉ်မျှော်ပြည်တော်ဧစေတီတော် မြို့လုံးကျွတ် ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ ကြွရောက်ချီးမြှင့်တော်မူသော ဆရာတော်၊ သံဃာတော်၊ သာမဏေ၊ သီလရှင်များသည် မြို့ပေါ်ရပ်ကွက်များသို့လည်း ၃ ရက်တိုင်တိုင် ဆွမ်းဆန်စိမ်းအလှူခံ ကြွရောက်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း (ပြန်/ဆက်)