ဖျာပုံ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် အပြောင်ကျေးရွာအုပ်စုတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ၊ ပြည်သူများအား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးဇော်လွင်နှင့် ဝန်ထမ်းများသည်" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်(၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် (၉)နာရီအချိန်က အပြောင်ကျေးရွာအုပ်စု၊ အမကကျောင်းတွင် ပြုလုပ်ပေးခဲ့ကြသည်။
ထိုသို့ပန်းခင်းစီမံချက် (၂)အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက် ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးဇော်လွင် ဦးဆောင်သော ဝန်ထမ်းများက အပြောင်ကျေးရွာ အုပ်စုအတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူ ပြည်သူများအား အသက် (၁၀) နှစ်ပြည့်ပြီးသူနှင့် အသက် (၁၈)နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ပြီး မြို့နယ်အတွင်း ရပ်ကွက်/ကျေးရွာများကိုလည်း နေ့ရက်အလိုက် နိုင်ငံသား စိစစ်ရေးကတ်ပြား မရှိသူများကို ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖျာပုံမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)