လှိုင်းဘွဲ အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ်(၉)ရပ်ကွက်၊ ကြာအင်းတောင်ခြေရင်း၌ တည်ဆောက်လျက်ရှိသော ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက်ပြီးစီးနိုင်ရေးအတွက် ဒုတိယအကြိမ် အလှူငွေများ လှူဒါန်းနိုင်ရေး အစည်းအဝေးနှင့်အလှူငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့မဘုန်းတော်ကြီးကျောင်း၌ ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး ကရင်ပြည်နယ်သံဃနာယက ဥက္ကဋ္ဌ ဥူးခေမိဿရာလင်္ကာရက သာသနာ့ဝေစည်ဗိမာန် တည်ဆောက်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ တည်ဆောက်ရေးလုပ်ငန်းများ၊ အလှူခံကောက်ခံရရှိမှုတို့ကို လျှောက်ထားတင်ပြခဲ့သည်။ ထို့နောက် ဒုတိယ မြိုင်ကြီးငူဆရာတော် အရှင်ဉာဏိကမှ လှူဒါန်းသော အလှူငွေ (၅၂၈) သိန်းနှင့် ဓမ္မညီနောင် ဆရာတော် အရှင်စန္ဒနဉာဏိကမှ လှူဒါန်းသော အလှူငွေကျပ် (၁၈၀) သိန်းတို့ကို မြို့နယ်သာသနာရေး ဦးစီးဌာန ဦးစီးအရာရှိ ဦးစောမိုးသူရိန်နောင်က လက်ခံရယူခဲ့ပြီး လှိုင်းဘွဲမြို့နယ် မြို့နယ်သံဃနာယက အဖွဲ့များနှင့်ကျေးရွာ ကော်မတီများက ပြည်နယ်ကျက်သရေဆောင် “သာသနာ့ဝေစည်ဓမ္မဗိမာန်တော်ကြီး” တည်ဆောက် ပြီးစီးနိုင်ရေးအတွက် ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
စောဒိ (ပြန်/ဆက်)