ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော်      အောက်တိုဘာ၅

ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ ပညာရေးမှူးရုံး၊ ပညာ့ဗိမာန်ခန်းမ၌ ကျင်းပရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ပညာရေးမှူးများနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားမိဘများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာအခမ်းအနားကို လွိုင်ကော်မြို့၊ အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း  ကျောင်းသား၊ ကျောင်းသူများက “မြတ်ဆရာ”သီချင်းဖြင့် သီဆိုဖွင့်လှစ်ခဲ့ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာကို ကယားပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ဖတ်ကြားခဲ့သည်။

ထို့နောက် ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့(၅)ဖွဲ့၏ အဖွဲ့ခေါင်းဆောင်များက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားသို့ ပေးပို့သော စုပေါင်းသဝဏ်လွှာကို ပြည်နယ်ပညာရေးမှူး ဒေါက်တာကျော်လွင် ကဖတ်ကြားခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် ပြည်နယ်အဆင့် စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲများတွင် ဆုရရှိသော အခြေခံပညာအထက်တန်းဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများချီးမြှင့်ခဲ့ကြပြီး ပြည်နယ်ပညာရေးဦးစီးဌာနတွင် တာဝန်ထမ်းဆောင်ခဲ့သော အသက်(၇၀)နှစ်နှင့်အထက် အငြိမ်းစား ဆရာကြီးများအား ဂါရဝလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာကြသူများက လွိုင်ကော်မြို့၊ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း  ကျောင်းသား၊ ကျောင်းသူများက “ခွင့်လွှတ်ပါဆရာ” တေးသရုပ်ဖော်ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်ပြီးပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် အခမ်းအနားသို့ တက်ရောက်လာကြသော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက် အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)