အိမ်မဲ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အောက်စီဂျင်စက်ရုံရှေ့တွင် မြို့နယ်ကိုဗစ်စည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ မြို့နယ်အတွင်းအပြင်ထွက်သွာလာရာ၌ နှာခေါင်းစည်း (Mask)စနစ်တကျ တပ်ဆင်နိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း မတပ်သူများအား စစ်ဆေးအရေးယူ ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီ တွင် ဆောင်ရွက်ခဲ့သည်။
ထိုကဲ့သို့ဆောင်ရွက်ရာတွင် အပြင်ထွက်သွားလာရာ၌ နှာခေါင်းစည်း (Mask)မတပ်သူများ၊ မေးစေ့တွင် ချိတ်ထားသူများကို စစ်ဆေး၍ နှာခေါင်းစည်း (၂)ခုပေးကာ ဒဏ်ငွေ (၅၀၀)ကျပ် ပေးဆောင်စေကြောင်း သိရသည်။ တစ်ဆက်တည်းမှာပဲ မြို့နယ်အတွင်း သွားလာလှုပ်ရှားနေကြသော မော်တော်ဆိုင်ကယ်စီးနင်းသူ များအား ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ပညာပေးကာလအဖြင့် ဆိုင်ကယ်စီနင်းသူ များအား ဆိုင်ကယ်စီးဦးထုပ် ပါ/ မပါ စစ်ဆေးခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်ပိုးတွေ့လူနာ ယမန်နေ့အထိ(၃၁) ဦးရှိလာပြီဖြစ်သည့်အတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးသက်ကိုကိုဦး ဦးဆောင်မှုဖြင့် မြို့နယ်အတွင်း အသိပညာပေး လှုံ့ဆော်ခြင်း၊ Mask Campaign များပြုလုပ်ခြင်း၊ နှာခေါင်းစည်း မတပ်သူများကို စစ်ဆေးအရေးယူခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရ သည်။
ချစ်သက်လယ်(အိမ်မဲ)