မြောင်းမြ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်တွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ပန်းခင်းစီမံချက်(၂)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးခြင်းကို ယနေ့နံနက် (၉) နာရီက စ၍ မုဆိုးကွင်းကျေးရွာ၊ မြဇေယျာ (၁)လမ်းရှိ မဟာဝိဇေယျဘုရားတွင် ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းပြုလုပ်ပေးရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၁၆) နှစ်နှင့် (၁၈)နှစ်ကြား ရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား အသစ်ပြုလုပ်ပေးခြင်း၊ အသက် ၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ခြင်း၊ လဲလှယ်ပေးခြင်း၊ မိတ္တူပေးခြင်းတို့ကို ပြုလုပ်ပေးခဲ့သည်။
အဆိုပါကျေးရွာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနေမှုအား ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြပြီး ကျေးရွာနေပြည်သူ ကျား (၉၅)ဦး၊ မ (၁၀၉)ဦး၊ စုစုပေါင်း (၂၀၄)ဦးတို့ကို ပြုလုပ်ပေးနိုင်ခဲ့ကြောင်း သိရသည်။
မြောင်းမြခရိုင် (ပြန်/ဆက်)