မအူပင် အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကျုံစုတ်ကျေးရွာအုပ်စု စင်္ကြာမုနိကြေးသွန်း ဘုရားကြီးဓမ္မာရုံနှင့် ညောင်ဝိုင်းကျေးရွာအုပ်စု ဓမ္မဒီပဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့၌ စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများတွေ့ဆုံပွဲကို ယမန်နေ့က ကျင်းပဆောင်ရွက်ခဲ့သည်။
တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများမှ တရား ဥပဒေစိုးမိုးရေး၊ နယ်မြေလုံခြုံရေး၊ မှုခင်းလျော့နည်းကျဆင်းရေး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် အိမ်ထောင်စု လူဦးရေစာရင်းများ လွယ်ကူစွာပြုလုပ်နိုင်ရေး၊ ကျောင်းနေအရွယ် ကလေးများအားလုံး ကျောင်းအပ်နှံရေးနှင့် ပညာသင်ယူခွင့်ရရှိရေး၊ စိုက်ပျိုးရေးဆိုင်ရာများ၊ ကျန်းမာရေးဆိုင်ရာများ၊ တိရစ္ဆာန်များ အခမဲ့ဆေးထိုးနှံပေးမှု ဆိုင်ရာများ၊ ငါးမွေးမြူရေး ကိစ္စရပ်များ၊ လယ်ယာမြေကိစ္စရပ်များ၊ ကျေးရွာလမ်းနှင့်တံတားဆောင်ရွက်မှု ကိစ္စရပ်များ စသည့်လုပ်ငန်းကိစ္စရပ် အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများက သိရှိလိုသည်များအား မေးမြန်းရာ သက်ဆိုင်ရာဌာန အလိုက် ပြန်လည်ရှင်းလင်းဖြေကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲသို့ မအူပင်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အေးလွင်၊ မအူပင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ် အဆင့် ဌာနဆိုင်ရာအကြီးအကဲ များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသော ပြည်သူများအား ဆန်များလှူဒါန်းပေးခဲ့ ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)