လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာနတွင် “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ပြုလုပ်

လိပ်သို  အောက်တိုဘာ ၅

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်းပြီး ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၅) ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်  ” အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ဆွေးနွေးပွဲ (Talk Show)များ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်းမှ အထက်တန်းပြဆရာမ ဒေါ်ယုယုလွင်က  မြန်မာနိုင်ငံတွင် ဆရာ့ဂုဏ်ကျေးဇူးကို ကြည်ညိုပူဇော်ခဲ့သည့် အစဉ်အလာသည် ရှေးပဝေသဏီ ကပင် ရှိခဲ့ပြီးဖြစ်ပါကြောင်း၊ ကမ္ဘာ့ဆရာများနေ့ နေ့ထူးနေ့မြတ်တွင် ကောင်းမြတ်သော မင်္ဂလာတရားတော်နှင့်အညီ ရိုသေလေးစားထိုက်သူကို ရိုသေလေးစားခြင်း၊ ပူဇော်ထိုက်သူကို ပူဇော်ခြင်း၊ မိမိတို့အပေါ်ပြုဖူးသော ကျေးဇူးဂုဏ်ကို သိတတ်ခြင်း၊ ထိုကျေးဇူးဂုဏ်ကို အာရုံပြု တုံ့ပြန်ခြင်း၊ ဂုဏ်ပြုခြင်းတို့ကို ပြုလုပ်အပ်ပါကြောင်း၊ ဤနေ့အခါသမယတွင် ဆရာများ၏ ဂုဏ်ကျေးဇူးကို ကျွန်ုပ်တို့က အညီအညွတ် လေးစားစွာ ဖော်ထုတ်ချီးကျုး ဂုဏ်ပြုအပ်ပါကြောင်း၊ ဆရာများသည် ပညာသင်ကြားပေးရုံသာမက တပည့်များ လေးစားလိုက်နာအတုယူနိုင်အောင် ကျင့်ကြံနေထိုင်ကြရမည်ဖြစ်ပါကြောင်း၊ တပည့်များလမ်းမှားမရောက်ကြစေရန် မေတ္တာစေတနာဖြင့် ဆုံးမဩဝါဒ ပေးကြရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ “ရှေးရှုမေတ္တာဂရုဏာနှင့် နာနာ ကျင်ကျင် အပြစ်မြင်တိုင်းဝမ်းတွင်းမသို ဟုတ်တိုင်းဆို၍ ကျိုးလိုစိတ်က ဆုံးမတတ်သူ ဆရာဟူလော” ဟု ဆိုခဲ့ခြင်းဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူအသိပညာပေး လုပ်ငန်း များ၊ ဆွေးနွေးပွဲများ  (Talk Show) များကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)