သာယာဝတီမြို့နယ်တွင် အစေ့ထုတ်ပြောင်းသီးနှံလျာထားချက်ဧကထက် ပိုမိုစိုက်ပျိုး

သာယာဝတီ      အောက်တိုဘာ   ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် "မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်၊ ရာသီမှန်အောင်စိုက်"ဆိုသည့် စိုက်ပျိုးရေးဦးစီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် အထွက်နှုန်းကောင်းမွန်ပြီး မိသားစုစီးပွားရေးအား တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေသည့်အတွက် စိုက်ပျိုးရေးတောင်သူများအနေဖြင့် အစေ့ထုတ်ပြောင်း စိုက်ပျိုးခြင်းအား စိုက်ဧကပိုမိုစိုက်ပျိုးလာကြောင်း သိရသည်။

သာယာဝတီမြို့နယ်အတွင်း အစေ့ထုတ်ပြောင်းသီးနှံအား ၃၄၈၈ ဧကစိုက်ပျိုးထုတ်လုပ်ရန် လျာထားခဲ့သော်လည်း ၂၀၂၂-၂၀၂၃ စိုက်ပျိုးရာသီတွင် အမှန်စိုက်ပျိုးနိုင်သည့် စိုက်ဧကမှာ ၅၅၂၄ ဧက စိုက်ပျိုးနိုင်ခဲ့ကြောင်း၊ အစေ့ထုတ်ပြောင်းစိုက်ပျိုးရာတွင် တစ်ဧကအတွက် ပြောင်းမျိုး၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးစသည့် သွင်းအားစုများအတွက် ခန့်မှန်းကုန်ကျစရိတ်မှာငွေကျပ် ၅၉၆၀၀၀/-နှင့် လုပ်အားခအနေဖြင့်ငွေကျပ် ၄၀၇၀၀၀/- ဖြစ်သဖြင့်တစ်ဧကအတွက်စုစုပေါင်း ကုန်ကျစရိတ်မှာခန့်မှန်း ငွေကျပ် ၉၀၃၀၀၀/- ဖြစ်ကြောင်းသိရသည်။

အစေ့ထုတ်ပြောင်းအား မြေမှန်၊ မျိုးမှန်၊ စိုက်နည်းမှန်ဖြင့် ရာသီမှန်အောင်စိုက်ပျိုးနိုင်ပါက တစ်ဧကအထွက်နှုန်းပျမ်းမျှ ပိဿာ ၁၁၀၀ ခန့် ထွက်ရှိနိုင်ပြီး ကာလပေါက်စျေး တစ်ပိဿာလျှင် ငွေကျပ် ၉၀၀၀/-နှုန်းဖြင့် ရောင်းချနိုင်မည်ဟုခန့်မှန်းကြောင်း၊ သီးနှံတွင် အဓိကကျရောက်တတ်သော ငမြောင်တောင်ပိုးကျရောက်မှုမရှိခြင်း၊ ရာသီဥတုများမှန်ကန်ပါက အထွက်နှုန်းပိုမိုကောင်းမွန်ပြီး ဝင်ငွေပိုမိုတိုးတက်ရရှိနိုင်မည်ဖြစ်ကြောင်း၊ တောင်သူများမှ မျိုးကောင်းမျိုးသန့်ရရှိရေး၊ စိုက်ပျိုးရေးနည်းစနစ်ကောင်းများရရှိရေးနှင့် သီးနှံဖျက်ပိုးများကျရောက်လာ၍ ရောဂါကာကွယ်ရေးနည်းလမ်းများ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

သန့်ဇော်(ပြန်/ဆက်)