နတ်မောက်မြို့နယ်အတွင်းရှိတောင်သူများ မိုးနှောင်းကာလ ပဲတီစိမ်းများစိုက်ပျိုး

နတ်မောက် အောက်တိုဘာ ၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်အတွင်းရှိတောင်သူများသည် မိုးနှောင်းကာလ ပဲတီစိမ်းများ စိုက်ပျိုးလျက်ရှိကြောင်းနှင့် အထွက်ကောင်းမျိုးများကို ရွေးချယ်စိုက်ပျိုးကြကြောင်း သိရသည်။

ပဲတီစိမ်းများစိုက်ပျိုးရာတွင် အတန်းလိုက်ဂျောင်းစနစ်ဖြင့်စိုက်ပျိုးကြပြီး အပင်ပေါက်ဖြစ်လာပါက နွားရှဉ်းဖြင့်ဂျောင်းတိုက်ခြင်း၊ မှုန်းခြင်းများဆောင်ရွက်ရကြောင်းအပွင့်မပွင့်မီနှင့် အပွင့်ပွင့်၊ သီးကင်းလိုက်ချိန်တွင် ပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ၊ အားဆေးများပတ်ဖြန်းရကြောင်း၊ ယခုနှစ်တွင် တောင်သူများက မျိုးကောင်းမျိုးသန့် ပဲတီစိမ်းများကို အဓိကစိုက်ပျိုးကြကြောင်း သိရသည်။

“မိုးဦးမှာပဲတီစိမ်းစျေးကောင်းရတော့ ခုမိုးနှောင်းမှာလည်း စိုက်ပျိုးတာပါ၊ ခုလိုမိုးနှောင်းကာလမှာ တောင်သူအများစု စိုက်ပျိုးကြပါတယ်၊ ပဲတီစိမ်းများဟာ (၃) လ သက်တမ်းရှိရင် ရင့်မှည့်ပြီး ပဲတီစိမ်းတောင့် အခြောက်တွေကို ကောက်သိမ်းလို့ရပါပြီ၊ အခုတော့အပင်သက်တမ်း(၁) လကျော် ရှိနေပါပြီ”  ဟု  ကြုအိုင်ကျေးရွာမှ ပဲတီစိမ်းစိုက်ပျိုးသူ မသီတာဆွေထံမှသိရသည်။

နတ်မောက်မြို့နယ်တွင် ယနေ့ချိန်ထိပဲတီစိမ်းစိုက်ပျိုးပြီးစီးမှု ဧက စုစုပေါင်း ၄၁၉၉၆၃ ဧက ရှိပြီဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုထံမှ သိရသည်။

မူမူစန်း (ပြန်/ ဆက်)