ဓနုဖြူ အောက်တိုဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ယာဉ်စည်းကမ်း လမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်မှုရှိစေရေး ကြပ်မတ်ဆောင်ရွက်ခြင်းနှင့် အသိပညာပေးဆိုင်း ဘုတ်များစိုက်ထူခြင်းကို ယနေ့ အောက်တိုဘာလ ၄ ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရီးသည်တင်ယာဉ်၊ သုံးဘီးယာဉ်၊ မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ယာဉ်အန္တရာယ်ကင်းရှင်းစေရေးအတွက် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများလိုက်နာဆောင် ရွက်မှုရှိစေရန် ယာဉ်မောင်းလိုင်စင်/ ယာဉ်လိုင်စင် ပါရှိရေး၊ ဆိုင်ကယ် မောင်းနှင်သူများသာမက ဆိုင်ကယ်လိုက်ပါစီးနင်းသူ ကျောင်းသား/ ကျောင်းသူကလေးများ အနေဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ်ဆောင်းရန်၊ ဆိုင်ကယ်တွင် နောက်ကြည့်မှန်တပ်ဆင် ထားရှိရေး၊ နံပါတ်ပြားတပ်ဆင်ထားရှိရေး၊ ဆိုင်ကယ်စီးလျှင် (၂)ဦးထက်ပို၍ မစီးစေရေး၊ အရက်သေစာသောက်စား၍ မောင်းနှင်ခြင်းမပြုစေရေး တို့ကို အသိပညာပေးပြောကြားခဲ့ပြီး၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာမှု မရှိသောယာဉ်များအား ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေအရ အရေးယူ ဆောင်ရွက်ခဲ့သည်။
ထို့နောက် ယာဉ်အန္တရယ်ကင်းရှင်းစေရေးအတွက်ရည်ရွယ်၍ ဓနုဖြူမြို့၊ မဟာဗန္ဓုလလမ်းမကြီး၊ စာတိုက်အနီးတွင် ယာဉ်အန္တရယ်ကင်းစေဖို့ ဆိုင်ကယ်စီးဦးထုပ်ဆောင်းကြစို့၊ စည်းကမ်းလိုက်နာဘေးကင်းကွာ၊ လိုင်စင်ရှိမှ ယာဉ်မောင်းပါစသည့် ဆိုင်းဘုတ်များ စိုက်ထူခဲ့ပြီး၊ အသိပညာပေး ရပ်၊ ကြည့်၊ သွား ဆိုင်းဘုတ်များကို ဓနုဖြူ-ကျုံတနီး လမ်းမကြီးဘေး အ.မ.က ရေတွင်းကုန်းကျောင်းရှေ့နှင့် စက္ကော့-ဓနုဖြူ-ဇလွန် ကားလမ်း မကြီးဘေး အမှတ် (၁၇)ရပ်ကွက် (၁)လမ်းထိပ်တို့တွင် စိုက်ထူခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)