ရေဦး အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်ရေဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် ယမန်နေ့နံနက် ၈ နာရီက စိတ်ကြိုက်ပန်းချီဆွဲပြိုင်ပွဲကျင်းပခဲ့ရာ ကျောင်းသားကျောင်းသူ ၂၀ ဦး ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ပြိုင်ပွဲကျင်းပရခြင်းရည်ရွယ်ချက်အား ဆွေးနွေးပြောကြားရာတွင် ကလေးငယ်များ၏ စိတ်ကူးစိတ်သမ်းများ ကောင်းမွန်လာစေရန်၊ တီထွင်ဖန်တီးတတ်လာစေရန်၊ အတွေးအခေါ်အယူအဆများ တွေးခေါ်တတ်စေရန်နှင့် ကောင်းသောယှဉ်ပြိုင်လိုစိတ်များ ရှိလာစေရန် ရည်ရွယ်ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း ဆွေးနွေးပြောကြားပြီး၊ ဒုတိယဦးစီးမှူး ဒေါ်ခင်ဆွေ၀င်းက စိတ်ကြိုက်ပန်းချီရေးဆွဲရာတွင် ခဲပန်းချီ၊ ရောင်စုံကာလာပန်းချီ နှစ်မျိုးမှ မိမိကျွမ်းကျင်သည့် နည်းကိုအသုံးပြုရေးဆွဲကြရန်နှင့် ပြိုင်ပွဲစည်းကမ်းများ၊အမှတ် ပေးစည်းမျဉ်းများအကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စိတ်ကြိုက်ပန်းချီဆွဲ ပြိုင်ပွဲကို ကျင်းပပေးခဲ့ရာ ပြိုင်ပွဲတွင် အကောင်းဆုံး စိတ်ကြိုက်ပန်းချီရေးဆွဲနိုင်သူ (၃) ဦးအား အမှတ်တရလက်ဆောင်ပစ္စည်းများ ချီးမြှင့်ပေးခဲ့ပြီး ပြိုင်ပွဲ၀င်ကြသည့်ကျောင်းသားကျောင်းသူလေးများအား ပဲနို့အာဟာရများ တိုက်ကျွေးခဲ့ကြောင်း သိရသည်။
သန်းထိုက် ( ရေဦး )