မြဝတီခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အသိပညာပေး(Talk Show)ကျင်းပ

​မြဝတီ.အောက်တိုဘာ  


ယနေ့တွင်ကျရောက်သည့် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ (Talk Show) ကို ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌  ယနေ့နံနက် ၉နာရီခွဲအချိန်က ဆောင်ရွက်ကြောင်းသိရသည်။

ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မာမာရီက ကမ္ဘာ့ဆရာများနေ့  အထိမ်း အမှတ်အသိပညာ ပေးဆွေးနွေးပွဲကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပေးပြီး အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးဦးမိုးကျော်က ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးမှ ကြီးမှူးကာ ၁၉၉၄ ခုနှစ်မှ စတင်၍ နှစ်စဉ်နှစ်တိုင်း အောက် တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့ (World Teachers’ Day) အဖြစ် သတ်မှတ်ပြီး "ကမ္ဘာ့ဆရာများနေ့" အထိမ်းအမှတ်အခမ်းအနားကို ကျင်းပကြကြောင်း၊ ဆရာ/ဆရာမတိုင်းသည် တပည့်များအား သွန်သင်ဆုံးမရာတွင် အတွေး အခေါ် အယူအဆ မှန်ကန်အောင်လမ်းပြပေးနိုင်ရမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော်အတွက် အားထားရသည့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် ဆရာတို့တတ်အပ်သည့် အသိ ပညာ၊ အတတ်ပညာများဖြင့် ပေါင်းစပ်ကာအကောင်းဆုံးလမ်းပြပေးနိုင်ရမည်ဖြစ်ကြောင်း တို့ကို ဆွေးနွေးပြောကြားပေးသည်။
မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူ့အကျိုးပြု အသိပညာပေးဟောပြောပွဲများ၊ ဆွေးနွေးပွဲများကို ဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ စဥ်ဆက်မပြတ် ပုံမှန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)