မုံရွာ အောက်တိုဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်လေးများ အသိပညာ၊ အလိမ္မာတိုးပွားရေး၊ အားကစားဖြင့်ကျန်းမာကြံ့ခိုင်ရေး၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြတ်စေရေး ရည်ရွယ်ကာ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် အားကစားပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မုံရွာမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း မြသလ္လာခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မုံရွာခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်နိုင်စိုးက ယနေ့ခေတ် လူငယ်လူရွယ်လေးများနှင့် ကျောင်းသားကျောင်းသူလေးများအနေဖြင့် ကျောင်းစာများကို သင်ယူရသည့်အပြင် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတရ ရရှိစေရန်အတွက် စာအုပ်စာပေများကို ဖတ်ရှုကြရန်နှင့် တိုးတက်လာသော နည်းပညာခေတ်ကြီးတွင် နည်းပညာကို မှန်မှန်ကန်ကန် အသုံးချတတ်စေရန်၊ အစဉ်ကြိုးစားလေ့လာကြရန်နှင့် ရှောင်ရန်ဆောင်ရန်များကို အသေးစိတ်ရှင်းလင်းဟောပြော ကြားခဲ့ပြီးနောက် ခရိုင်အားကစားနှင့် လူငယ်ရေးရာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမြအောင်က လူငယ်များကျန်းမာကြံ့ခိုင်စေရေးအတွက် အားလပ်ချိန်များတွင် အားကစားနည်းများကို လက်တွေ့ လေ့လာသင်ကြားကာ ပြုလုပ်ဆောင်ရွက်ရန်အတွက် အသိပညာဗဟုသုတများကို ရှင်းလင်းဆွေးနွေးပြီးနောက် ကိုယ်လက်လှုပ်ရှားအားကစားကို လက်တွေ့စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။
ထို့နောက် ကျောင်းသားကျောင်းသူလေးများ အားလပ်ချိန်များတွင် ကစားနိုင်ရန်အတွက် ဘောလုံး၊ ဘောလီဘောနှင့် ပိုက်ကျော်ခြင်းလုံးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)