ရှမ်းရွာသစ် အောက်တိုဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့သည် တောင်ယာလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကိုအဓိကထား လုပ်ကိုင်ဆောင်ရွက်သည့်မြို့ဖြစ်ရာ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာများနှင့် မျိုးစေ့များကူညီပံ့ပိုးမှုဖြင့် ဒေသတွင်း စားသုံးဆီဖူလုံပိုလျှံရေးရည်ရွယ်၍ နေကြာသီးနှံ (၅၀)ဧကစိုက်ပျိုးရန် လျာထားပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
"ဆီထွက်သီးနှံများအနက် နေကြာသီးနှံမှာ သီးထပ်၊ သီးညှပ်ပုံစံအမျိုးမျိုးဖြင့် မိုးဆောင်းရာသီမရွေး၊ မျိုးစေ့ဈေးနှုန်းသက်သာစွာ စိုက်ပျိုးနိုင်သော သီးနှံတစ်မျိုးဖြစ်ရာ တစ်ဧကပန်းတိုင်အထွက်နှုန်း တင်း (၅၀) နှင့်အထက်ထွက်ရှိစေရန် ရေဆင်းစပ်မျိုး (၁)၊ ဆင်းရွှေကြာ-၂၊ ဆင်း ရွှေကြာ-၃မျိုးများအား သတ်မှတ်နှုန်း ထားများအတိုင်း ရွေးချယ်စိုက်ပျိုးရန်လိုအပ်ကြောင်း၊ နေကြာသီးနှံစိုက်ပျိုးချိန် သည် မိုးရာသီတွင် မေလ၊ ဇွန်လနှင့် ဆောင်းရာသီတွင်စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် စိုက်ပျိုးမှသာ အထွက်နှုန်းကောင်းမွန်ကြောင်း၊ စိုက်ပျိုးချိန်တွင် ရောဂါပိုးမွှား ကျရောက် ဖျက်ဆီးမှုမှ ကာကွယ်ရန် ဂရုစိုက်ပြီးစိုက်ပျိုးမှသာ အထွက်နှုန်းကောင်းမွန်မည်ဖြစ်ကြောင်း၊ ယခု အချိန်တွင် နေကြာစိုက်ပျိုးရန် မြေနေရာရွေးချယ်ပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ နေကြာသီးနှံစိုက်ပျိုးခြင်းသည် ကုန်ကျ စရိတ်သက်သာပြီး တောင်သူများအနေဖြင့် စီးပွားဖြစ်စိုက်ပျိုးနိုင်သည့်အပြင် စားသုံးဆီဖူလုံရေးအတွက် တိုးချဲ့စိုက်ပျိုးသင့်ကြောင်း "စိုက် ပျိုးရေးဦးစီးဌာနတာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဇင်လေး(ပြန်/ဆက်)