မုံရွာတက္ကသိုလ်၌ ၂၀၂၂ ခုနှစ်ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲ ကျင်းပ

မုံရွာ အောက်တိုဘာ ၅

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် အောက်တိုဘာလ ၅ ရက်နေ့၌ ကျရောက်မည့်  ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ပွဲအား ယနေ့  နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။

ရှေးဦးစွာ မုံရွာတက္ကသိုလ် ပါမောက္ခချုပ် ဆရာကြီးဒေါက်တာအောင်ကျော်သင် နှင့်ဆရာကြီး ဆရာမကြီးများ၊ ကျောင်းသား ကျောင်းသူများကိုယ်စား မြန်မာစာဌာန နည်းပြ ဆရာကြီး ဦးဆန်းမျိုးအောင်မှ ကန်တော့ချိုးတိုင်ပေး၍ ကန့်တော့ခံဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ခဲ့ကြသည်။

ဆက်လက်ပြီး မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်သင်၊  ဒုတိယပါမောက္ခချုပ် ဒေါက်တာထွန်းဝင်း၊ မြန်မာစာဌာန ပါမောက္ခဌာနမှူး ဒေါက်တာခင်မြင့်စိန်နှင့် သမိုင်းဌာန ပါမောက္ခဌာနမှူး ဒေါက်တာ စန္ဒာစိုးတို့က ကန်တော့ခံဆရာကြီး ဆရာမကြီးများအား ကန်တော့ခံပစ္စည်းလက်ဆောင်များ ပေးအပ်ကာ လက်အုပ်ချီမိုးကန်တော့ခဲ့ကြသည်။

ထို့နောက် ကန်တော့ခံဆရာကြီး၊ဆရာမကြီးများကိုယ်စား သမိုင်းဌာနမှဆရာကြီး ဦးမောင်မောင် ကျောင်းအုပ်ကြီး(ငြိမ်း)က ဆုပေးဩဝါဒစကားပြောကြားပြီး ကျေးဇူးတင်စကားများ ပြန်လည်ပြောကြားသည်။

ယင်းနောက် မုံရွာတက္ကသိုလ် ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အတွက် စာစီစာကုံးပြိုင်ပွဲတွင် ပထမဆုရ မြန်မာစာဌာနမှ နည်းပြ ဒေါ်သိန်းဆုမွန်၊ ဒုတိယဆုရ သတ္တဗေဒဌာနမှ သရုပ်ပြ ဒေါ်သက်ထားဦးနှင့် တတိယဆုရ မြန်မာစာဌာနမှ ကျောင်းသူ မအိမ့်နဒီလွင် တို့အား မုံရွာတက္ကသိုလ် ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာအောင်ကျော်သင်က အသီးသီးလက်ဝယ်အရောက် ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။

ယခုကျင်းပသည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် မြတ်ဆရာပူဇော်ကန်တော့ပွဲတွင် မုံရွာတက္ကသိုလ်မှ အသက် ၆၀ ပြည့် အငြိမ်းစားပင်စင်ယူခဲ့ကြပြီး အသက် ၇၀ နှစ်နှင့်အထက် ဆရာကြီး ဆရာမကြီးများ၊ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊ နည်းပြ၊သရုပ်ပြများ၊ ကျောင်းသားသျောင်းသူများ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)