မကွေး အောက်တိုဘာ ၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနသို့ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲမည့် ကျေးလက်လမ်းများစာရင်းနှင့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ရန်ပုံငွေစာရင်းများ လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မကွေးမြို့ စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီး လင်းထွဋ်က အမှာစကားပြောကြားရာ နိုင်ငံအတွင်းမှာရှိတဲ့ လူဦးရေ (၇၀)ရာခိုင်နှုန်းခန့်က စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများကို အခြေခံသော အသက်မွေးဝမ်းကြောင်းပြုသူများဖြစ်သည့်အတွက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက် အောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်များ အချိန်တိုအတွင်း လွယ်ကူစွာ တင်ပို့ရောင်းဝယ်ဖောက်ကားနိုင်ရေးမှာ ကျေးလက်လမ်း တံတားများ ကောင်းမွန်မှသာ ကျေးလက်ဖွံ့ဖြိုးရေး အနှစ်သာရ၏ အသီးအပွင့်များကို ခံစားနိုင် ကြမည်ဖြစ်သည့်အတွက် ကျေးလက်ဒေသ အခြေခံအဆောက်အဦ လမ်းတံတားများ ဖွံ့ဖြိုးတိုးတက်စေဖို့ကို DRRD နှင့် လမ်းဦးစီးဌာနတို့က ဟန်ချက်ညီညီချိတ်ဆက်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ ယနေ့မှာတော့ DRRD အနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်းမှာ တာဝန်ယူ ဆောင်ရွက်နေတဲ့ လမ်းတံတားများအနက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနအနေနဲ့ စီမံခန့်ခွဲဆောင်ရွက်နိုင်ဖို့ကို လမ်း (၂၄၅၁/၄.၉၃) မိုင်နဲ့ တံတား (၁၅၄)စင်း၊ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ရန်ပုံငွေအသုံးစရိတ်များ၊ တင်ဒါစာရွက်စာတမ်း အထောက်အထားများကို လွှဲပြောင်း ပေးအပ်သွားမှာဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က အမှာစကားပြောကြားရာ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန DRRD အနေနဲ့ မကွေးတိုင်းဒေသကြီးအတွင်း လမ်းတံတားလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာမှာမဟာဗျူဟာ ရည်မှန်းချက်ပါအတိုင်း ၂၀၃၀ ခုနှစ်မှာ ကျေးရွာအားလုံးရဲ့ (၈၀) ရာခိုင်နှုန်း၊ လူဦးရေရဲ့ (၉၀) ရာခိုင်နှုန်းအပေါ် ရာသီမရွေးသွားလာနိုင်သော ကျေးလက်လမ်းများ အသုံးပြုနိုင်ရေးဆိုပြီး စာရင်းကောက်ယူ ဆောင်ရွက်လျက်ရှိတာ တွေ့ရှိရပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန DRRD အနေဖြင့် မကွေးတိုင်းဒေသကြီးအတွင်းမှာ (၅) နှစ်တာကာလအတွင်း ကျေးလက်လမ်း(၄၃၂၂)မိုင်နှင့် တံတားအစင်းရေ စုစုပေါင်း (၁၇၄၃) စင်းကို ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးရန်ပုံငွေ ကျပ်ဘီလီယံ (၁၇၀) ခန့် အသုံးပြု ဖောက်လုပ်ပေးနိုင်ခဲ့တာကို တွေ့ရှိရကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးစိုးထွန်းနိုင်မှ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲမည့် ကျေးလက်လမ်း စာရင်းများနှင့်၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ရန်ပုံငွေစာရင်းများ လွှဲပြောင်းပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူး ဦးသင်းမင်းလတ်မှ တိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစံမင်းအောင်ထံသို့ လမ်းဦးစီးဌာနမှ စီမံခန့်ခွဲမည့် ကျေးလက်လမ်းများစာရင်းနှင့် ၂၀၂၂-၂၀၂၃ ခုဘဏ္ဍာရေးနှစ် ရန်ပုံငွေစာရင်းများ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုအောင် (ပြန်/ ဆက်)