ဘားအံ အောက်တိုဘာ ၅
ကရင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီ၏(၅/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ တောင်သူလက်ဝယ်အမြန်ရောက်ရှိပြီး လုပ်ငန်းများစတင်အကောင်အထည်ဖော်နိုင်ရန်နှင့် စီမံကိန်းကျေးရွာများ၊ အစုအဖွဲ့များ မှန်မှန်ကန်ကန်စိစစ်ရွေးချယ်၍ ထိရောက်သောလုပ်ငန်းစဉ်များဖြစ်စေရန် ယခုအစည်းအဝေးကို ကျင်းပရခြင်းဖြစ်ကြောင်း၊ နွေစပါး၊ နေကြာ၊ မြေပဲ၊ ပဲတီစိမ်း၊ ပဲပုပ်သီးနှံများကို မကြာမီစတင်စိုက်ပျိုးကြတော့မည်ဖြစ်သည့်အတွက် မဏာမရွေးချယ်ထားသောကျေးရွာများ၊ စိုက်ပျိုးဧကနှင့် ထုတ်ချေးမည့်ပမာဏများကို တင်ပြပေးစေလိုကြောင်း၊ ထို့အတူ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး တစ်ဖက်တစ်လမ်းမှ စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များထုတ်လုပ်နိုင်ရေး သမဝါယမအသင်းအဖွဲ့များအနေဖြင့် ချေးငွေများထုတ်ချေးပေးရန် ဆောင်ရွက်လျက်ရှိရာ အမှန်တကယ်အကျိုးရှိသည့် လုပ်ငန်းများကို မတည်ဆောင်ရွက်ပေးနိုင်ရန်လိုကြောင်း၊ စီမံကိန်းကျေးရွာများအစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ထားပြီး ကော်မတီများအမြန်ဖွဲ့စည်း၍ လုပ်ငန်းအမြန်စတင်နိုင်ရန် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ ၎င်းတို့ကိုအခြေခံသည့် ကုန်ထုတ်လုပ်ငန်းများနှင့် ဆန်စက်၊ ဆီစက်၊ မြေဩဇာစက်ရုံများ အစရှိသော အသေးစား၊ အငယ်စား၊ အလတ်စား စက်မှုလုပ်ငန်းများမှ လုပ်ငန်းပမာဏအပေါ် မူတည်၍ လိုအပ်သည့်ချေးငွေများ စိစစ်ထုတ်ပေးနိုင်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည့် အခြေအနေများအား ရှင်းလင်းတင်ပြပြီး ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများက သက်ဆိုင်ရာကဏ္ဍအလိုက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေထုတ်ချေးပေးနိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားမှုအခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြကာ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် အစည်းအဝေးသို့ တက်ရောက်လာသော ခရိုင်၊ မြို့နယ်အုပ်ချုပ်ရေးမှူးများက စီမံကိန်းကျေးရွာ၊ အစုအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ပြီးစီးမှုအခြေအနေ၊ စိုက်ဧကနှင့် ချေးငွေရယူမည့်ပမာဏများကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသူများက ဖြည့်စွက်အကြံပြုဆွေးနွေး တင်ပြခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)