လူငယ်လူရွယ်များ မှန်ကန်သည့်လမ်းကြောင်းပေါ်တွင်ရောက်ရှိပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရေး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူးနှင့် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီတို့ ညှိနှိုင်းအစည်းအဝေး ပဲခူးတိုင်းတွင်ကျင်းပ

ပဲခူး     အောက်တိုဘာ   ၅

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး တော်ဝင်ဟံသာခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌကိုယ်စား တိုင်းဒေသကြီအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီးဦးတင်သိန်းက အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံလူငယ်ရေးရာဗဟိုကော်မတီအတွင်းရေးမှူး အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာစိုးဝင်းက "လူငယ်ရေးရာကော်မတီ၏ ရည်မှန်းချက်(၇)ရပ်၊ မူဝါဒ(၇)ရပ်၊ လုပ်ငန်းစဉ်(၁၆)ရပ်အကြောင်း၊ တိုင်းပြည်၏ အနာဂတ်အားထားရမည့် လူငယ်လူရွယ်များ မှန်ကန်သည့် လမ်းကြောင်းပေါ်တွင်ရောက်ရှိပြီး ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန် ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ရှေ့ဆက်ဆောင်ရွက်မည့် လူငယ်ရေးရာလုပ်ငန်းစဉ်များ အောင်မြင်ရေးအတွက် စေတနာထားပြီး အောင်မြင်အောင် ပူးပေါင်းဆောင်ရွက်ကြရန် တိုက်တွန်းမှာကြားပါကြောင်း" စသည့်ဖြင့် ရှင်းလင်းဆွေးနွေးပါသည်။

ထို့နောက် တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးဥပဒေချုပ် ဦးခင်မောင်တင့်က တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီများ၏ ဆောင်ရွက်ချက်အကျဉ်းအကြောင်း၊ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ အတွင်းရေးမှူး တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးဦးမြင့်ခိုင်က လူငယ်ရေးရာကော်မတီ၏ ဖွဲ့စည်းဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်း၊ တက်ရောက်လာသူများက မိမိတို့ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုနှင့် ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းများအား အကြံပြုတင်ပြကြရာ တာဝန်ရှိသူအသီးသီးက ဖြည့်စွက်ဆွေးနွေးခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီးက နိဂုံးချုပ် စကားပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)