ဒေးဒရဲမြို့၌ မိုးစပါးစိုက်တောင်သူများအား ယူရီးယားဓာတ်မြေသြဇာအိတ်များ(ဒုတိယအကြိမ်) ထောက်ပံ့ပေး

ဒေးဒရဲ အောက်တိုဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မိုးစပါးစိုက်တောင်သူများ လယ်ယာထုတ်ကုန် ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ဓာတ်မြေသြဇာ စျေးနှုန်းကြီးမြင့်မှုကြောင့် အထွက်နှုန်းလျော့နည်းကျဆင်းမှု မဖြစ် ပေါ်စေရေးအတွက် နိုင်ငံတော်သတ်မှတ်စျေးနှုန်း (၃၀၀၀၀)ကျပ်ဖြင့် ယူရီးယားဓာတ်မြေသြဇာအိတ်များ ယမန်နေ့က ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဓာတ်မြေသြဇာများ ဖြန့်ဖြူးပေးနေမှုကို  မြို့နယ်ဓာတ်မြေသြဇာဖြန့်ဖြူးရေး ကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များက ၂၀၂၂ ခုနှစ်၊ မိုးစပါးစိုက် တောင်သူများအတွက် သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များသို့ သတ်မှတ်ခွဲတမ်းအလိုက် ဒုတိယအကြိမ်အဖြစ် ယူရီးယားဓာတ်မြေသြဇာ အိတ်ပေါင်း (၉၄၀)အိတ်အား သတ်မှတ်စျေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိ ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်တွင် မိုးစပါးစိုက်ဧက (၁၇၄၇၂၂)ဧက စိုက်ပျိုးလျက်ရှိရာ စိုက်ဧကများအတွက် ယူရီးယား ဓာတ်မြေသြဇာအိတ်များ စျေးနှုန်းချိုသာစွာ ဖြန့်ဖြူးပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အေဇာလင်း