ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ်၊   စက်တင်ဘာ  ၁၇

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများအား ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နေစဉ်ကာလအတွင်း နိုင်ငံတော်အစိုးရမှ အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက် (၉) နာရီအချိန်ခန့်က ရှမ်းရွာသစ်မြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်  ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် မြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းအောင်က နိုင်ငံတော်အစိုးရအနေနဲ့ ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုများ မိသားစုစားဝတ်နေရေးအဆင်ပြေစေရေးနှင့် အလုပ်အကိုင်အခက်အခဲဖြစ်ခဲ့မှုအပေါ် ယခုလိုငွေကြေး ထောက်ပံ့ပေးအပ်ရခြင်းဖြစ်ကြောင်း စသည်ဖြင့် ထောက်ပံ့ငွေပေးအပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်း ပြောကြားပြီးနောက် ရှမ်းရွာသစ်မြို့ပေါ် (၄) ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသောအခြေခံလူတန်းစား အိမ် ထောင်စု (၃၉) စုတို့အတွက် တစ်စုလျှင် (၂၀၀၀၀) ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၇၈၀၀၀၀) ကို မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများတို့က လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ် (၄) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၉) အုပ်စုရှိရာ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၁၆၇၉) စုတို့အတွက် ထောက်ပံ့ငွေများကို ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအားပေးအပ်ခဲ့ပြီး ကျန်ရှိသည့်အိမ်ထောင်စုများထံသို့ ထောက်ပံ့ငွေများ လက်ဝယ်အရောက်ရရှိရေး ဆက် လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။    
ဇင်လေး(ပြန်/ဆက်)