ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံ ရေပြည့်အမှတ်အထက် ရေပိုလွှဲမှ တစ်ပေခန့် ဆက်လက် ရေကျော်လျက်ရှိ

ပွင့်ဖြူ အောက်တိုဘာ ၄

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုများ ရှိခဲ့၍ ယမန်နေ့က ညနေပိုင်းကစပြီး တမံရေပြည့်မှတ် ၃၄၀ အထက် သုည ဒသမ ၃ ပေ ရေပိုလွှဲမှ ရေကျော်ကျမှုရှိရာ ယနေ့နံနက် ၆ နာရီအချိန် ထပ်မံတိုင်းထွာရာ၌ တမံရေပြည့်အမှတ်အထက် တစ်ပေခန့် ဆက်လက် ရေကျော်ကျလျက် ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့် ထံမှ သိရသည်။

ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် အထက်ပိုင်းဒေသများတွင် မိုးရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေ ဝင်ရောက်မှုများရှိခဲ့သဖြင့် ယမန်နေ့ကစပြီး  တမံရေပြည့်မှတ်ဖြစ်သည့် ၃၄၀ ပေ အထက် သုည ဒသမ ၃ ပေ ခန့် ရေကျော် ကျမှုရှိခဲ့ပြီး တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာသည့်အတွက် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့် အမှတ်ဖြစ်သည့် ၃၄၀ ပေ အထက် တစ်ပေခန့် ဆက်လက် ရေကျော်ကျလျက်ရှိကြောင်း၊ ထိုသို့ တမံရေပိုလွှဲမှ ရေကျော်ကျမှုများ ရှိသော်လည်း ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံ၊ ရေပိုလွှဲနှင့် ဆက်စပ် အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း၊ တမံရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ပတ်သက်ပြီး သဘာဝဘေး အန္တရာယ်ကင်းဝေးစေရေးစီမံချက်အရ အရေးပေါ်အခြေအနေ သတ်မှတ်၍ တမံအတွင်း မိုးရေဝင်ရောက်မှု အခြေအနေကို ပြည်သူများ သိရှိနိုင်ရန် အစိမ်းရောင်အလံ စိုက်ထူ၍ ကြိုတင်အသိပေး နှိုးဆော်ခြင်းများကို ပြုလုပ်ဆောင်ရွက်ထားရှိခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကြီးအုံကြီးဝတမံ ရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ပတ်သက်၍ ပြည်သူများအား ကြိုတင်အသိပေး နှိုးဆော်ခြင်းကို အပိုင်း(၃)ပိုင်းခွဲ၍ ရေပိုလွှဲမှ ရေစတင်ကျော်မှုအား အရေးပေါ်အခြေအနေ အဆင့်(၁)အဖြစ် အစိမ်းရောင် အလံ သတ်မှတ်ထားရှိကြောင်း ၊ ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက် မြင့်တက်လာပြီး မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် Maximum High Flood Level သို့ ရောက်ရှိကာ တမံအောက်ဘက်ဒေသများ ရေကြီးမှု ဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ် အခြေအနေအဆင့်(၂)အဖြစ် အဝါရောင်အလံ သတ်မှတ်ထားရှိကြောင်း၊ ရေပိုလွှဲမှ ရေကျော်စီးထွက်နေမှုမှာ Maximum High Flood Level ထက် ကျော်လွန်ပြီး ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အခြေအနေ ဖြစ်ပေါ်နိုင်ခြင်းကို အရေးပေါ်အခြေအနေ အဆင့်(၃)အဖြစ် အနီရောင်အလံ သတ်မှတ် ထားရှိကြောင်းနှင့် ပြည်သူများ သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေးအတွက် တမံအခြေအနေနှင့် ပတ်သက်၍ စိုးရိမ်ဖွယ်ရာအခြေအနေ ရှိ/မရှိ အချိန်နှင့် တစ်ပြေးညီ အသိပေးနှိုးဆော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံမှ သိရသည်။

လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)