ပွင့်ဖြူ အောက်တိုဘာ ၃
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု၊ ဇီးကျွန်းကျေးရွာ၊ ကျောင်းစုကျေးရွာ၊ နန်းတော်ကျွန်း ကျေးရွာ အုပ်စု၊ ထူးကျေးရွာနှင့် ငှက်တော်ကုန်းကျေးရွာတို့တွင် လူနေအိမ်အလုံး ၂၀ ဘေးလွတ်ရာသို့ ကြိုတင် ပြောင်းရွှေ့ခဲ့ရကြောင်း ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
အဆိုပါ ဧရာဝတီမြစ်ကမ်းပါးပြိုကျမှုကြောင့် ပွင့်ဖြူမြို့နယ် ပေါက်ကုန်းကျေးရွာအုပ်စု ဇီးကျွန်းကျေးရွာတွင် လူနေအိမ်(၆)လုံး၊ ကျောင်းစုကျေးရွာတွင် လူနေအိမ်(၆)လုံး၊ နန်းတော်ကျွန်းကျေးရွာအုပ်စု ထူးကျေးရွာတွင် လူနေအိမ် (၆)လုံး၊ ငှက်တော်ကုန်းကျေးရွာတွင် လူနေအိမ်(၂)လုံး၊ စုစုပေါင်း လူနေအိမ်အလုံး ၂၀ ဘေးလွတ်ရာသို့ ကြိုတင်ပြောင်းရွှေ့ခဲ့ရကြောင်း၊ ကမ်းပြိုဘေးသင့် အိမ်ထောင်စုဝင်များ ကမ်းပါးပြိုကျမှုကြောင့် အန္တရာယ်ကင်းဝေးစေရန်နှင့် အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ဦးဆောင်မှုဖြင့် ကျေးရွာနေပြည်သူများက ဝိုင်းဝန်းကူညီ ရွှေ့ပြောင်းပေးခဲ့ကြောင်းနှင့် ကမ်းပါးပြိုကျမှုကြောင့် အခြား လူနှင့် တိရစ္ဆာန် ထိခိုက်မှု မရှိကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )