ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးခြင်းများ ဆောင်ရွက်

ရွှေတောင်  အောက်တိုဘာ  ၄

ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများအား ပုံမှန်ကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန် က စတင်ကာ ရွှေတောင်မြို့ မိခင်ကလေးကျန်းမာရေးဌာနတွင် ဆောင်ရွက်ပေးလျက်ရှိသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးခြင်းများကို မြို့နယ်ကျန်းမာရေးဌာန၊ ဆရာဝန်ကြီး၏ ကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက မွေးကင်းစအရွယ်မှစ၍ အသက်(၂)နှစ်အောက် ကလေးများကို ပုံမှန်ကာကွယ်ဆေးများဖြစ်သော ဘီစီဂျီ၊ အသည်းရောင် အသားဝါ (ဘီ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ)၊ ဆုံဆို့-ကြက်ညှာ-မေးခိုင်-အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ ဂျပန်ဉီးနှောက်ရောင်၊ ဝက်သက်-ဂျိုက်သိုး စသည့်ဆေးများ ထိုးနှံ/တိုက်ကျွေး ပေးခြင်းဖြစ်သည်။ ကလေးများအား ကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးပေးရာတွင် မကျန်ရှိစေရေးအတွက် ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက နှိုးဆော်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်ကာကွယ်ဆေးများအား လစဉ်ပထမအပတ်အတွင်း ထိုးနှံ/တိုက်ကျွေး ပေးလျက်ရှိကြောင်း မြို့နယ် မိခင်ကလေးကျန်းမာရေးဌာနမှ သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)