မယ်စဲ့မြို့နယ်တွင် တောင်ကျရေ တိုက်စားမှုကြောင့် ပျက်စီးသွားသောတံတားအား ပြင်ဆင်ကာ မော်တော်ယာဉ်များ သွားလာနိုင်ရေး ဆောင်ရွက်

မယ်စဲ့  အောက်တိုဘာ  ၄

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ် နမ့်ပိန်းလင်ကျေးရွာတွင် တောင်ကျရေ တိုက်စားမှုကြောင့် မယ်ပါချောင်းတံတား ပျက်စီးမှုအား မြို့နယ်လမ်းဦးစီးဌာနက ပြင်ဆင်ကာ မော်တော်ယာဉ်များ သွားလာနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ကျရေ တိုက်စားမှုကြောင့် မယ်ပါချောင်းပေါ်ရှိ ပေ ၄၀ အရှည် ကွန်ကရစ်တံတား ချဉ်းကပ်လမ်းပျက်စီးခဲ့ရာ ရေတိုက်စားသည့်နေရာအား တုတ်ရိုက်ခြင်း၊ ကျောက်ခြင်းများပြုလုပ် ကာရံခြင်းတို့ကို မြို့နယ်လမ်းဦးစီးဌာနမှ ပြင်ဆင်ဆောင်ရွက်ခဲ့ပြီး အဆိုပါတံတားသည် မယ်စဲ့-ဖားဆောင်း ကားလမ်းပေါ်တွင် တည်ရှိသဖြင့် လွိုင်ကော်-မယ်စဲ့ ခရီးသွားယာဉ်များ၊ မော်တော်ဆိုင်ကယ်များ သွားလာမှုမပြတ်တောက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဆန်းထွန်းလတ်၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာဌာနဆိုင်ရာများက နေ့မအားညမနား ဆောင်ရွက်ခဲ့သဖြင့် ယခုအခါ မော်တော်ဆိုင်ကယ်၊ မော်တော်ယာဉ်ငယ်များနှင့် အလေးချိန် ၁၀ တန် အထိ ကားများဖြတ်သန်းသွားလာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ဝတ်ရည်(မယ်စဲ့)