ဖားဆောင်းမြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်(၂)ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်

ဖားဆောင်း         အောက်တိုဘာ   ၄    

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးက ပန်းခင်းစီမံချက်(၂)ဖြင့် ပြုလုပ်ပေးခဲ့သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကို ယမန်နေ့မွန်းလွဲ(၂)နာရီအချိန်က အဆိုပါကျောင်းအစည်းအဝေးခန်းမတွင် ပေးအပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဖားဆောင်းမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးဦးမိုးကျော်ဦးကပန်းခင်းစီမံချက်အဆင ၂ ဖြင့် အခြေခံပညာကျောင်းများ၊ ရပ်ကွက်၊ ကျေးရွာများတွင်နိုင်ငံသားစိစစ်ရေးကတ်ပြားများ၊ အိမ်ထောင်စုလူဦးရေးစာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ယနေ့၌လည်း နိုင်ငံသားစိစစ်ရေးကတ်ပြားမရရှိသေးသည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးပြုလုပ်ပေးပြီးဖြစ်၍ လက်ဝယ်အရောက်ပေးအပ်မည်ဖြစ်ကြောင်း၊ ယခုပေးအပ်သည့်နိုင်ငံသားစိစစ်ရေးကတ်သည် နိုင်ငံသားတိုင်းမရှိမဖြစ် ကိုင်ဆောင်ထားရှိရမည်ဖြစ်၍ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် စည်းကမ်းရှိစွာ ထိန်းသိမ်းထားရှိစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးတို့က ဖားဆောင်းမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား(၂၂)ဦးနှင့်ကျောင်းသူ(၂၆)ဦး စုစုပေါင်း(၄၆)ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းသဲနုအောင်(ဖားဆောင်း)